လိုပြသက်သေများကို စစ်ဆေးပြီး၍ လာမည့်ရုံးချိန်းတွင် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို စတင်စစ်ဆေးမည်

အကြမ်းဖက်မှုဥပဒေနှင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် တရားလိုနှင့် လိုပြသက်သေများကို စစ်ဆေးပြီးဖြစ်၍ လာမည့်ရုံးချိန်းတွင် ၎င်းတို့နှစ်ဦးကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

17 Mar 2022

DMG ၊ မတ် ၁၇

အကြမ်းဖက်မှုဥပဒေနှင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် တရားလိုနှင့် လိုပြသက်သေများကို စစ်ဆေးပြီးဖြစ်၍ လာမည့်ရုံးချိန်းတွင် ၎င်းတို့နှစ်ဦးကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို မအူပင်တွင်ဖမ်းဆီးရမိသော PDF အဖွဲ့ဝင်နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးလုံးမှ PDF နှင့်ဆက်စပ်မှုမရှိဟု ငြင်းဆိုသဖြင့် သံတွဲမြို့နယ်မှ စရဖတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်မြင့်အား ပြန်ခေါ်သက်သေအနေဖြင့်ခေါ်ယူပြီး ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှ သိရသည်။

လာမည့် မတ်လ ၂၃ ရုံးချိန်းတွင် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို စတင်စစ်ဆေးမည်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

“ပြန်ခေါ်သက်သေဖြစ်တဲ့ စရဖတပ်ဖွဲ့မှ တပ်ကြပ်ကြီးကျော်မြင့်ကို ကျမတို့ ဒီနေ့စစ်ဆေးခဲ့ပါတယ်။ လာမဲ့ရုံးချိန်းမှာတော့ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့နှစ်ဦးကို စစ်ဆေးမှာဖြစ်တယ်”ဟု ရှေ့နေကဆိုသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် လိုပြသက်သေ ၁၃ ဦးပါဝင်ပြီး ခံပြသက်သေအနေဖြင့် ၁၀ ဦးပါဝင်ကြောင်း ရှေ့နေထံမှသိရသည်။ ၎င်းတို့နှစ်ဦးမှာ မြို့နယ်အတွင်း လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်လုပ်ဆောင် ခဲ့သူများဖြစ်ကြပြီး ယခုကဲ့သို့ PDF နှင့်ဆက်စပ်သည်ဆိုသည်မှာ စွပ်စွဲချက်တစ်ခုသာဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုထားသည်။

မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါကို PDF သို့ ငွေကြေးထောက်ပံ့မှု၊ လှုံ့ဆော်မှုတို့ပြုလုပ်သည်ဆိုကာ မြောက်ဦးခရိုင်တရားရုံးမှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း PDF တပ်ဖွဲ့ဝင်များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေး ထောက်ပံ့သည်ဟုစွပ်စွဲချက်များဖြင့် တောင်ကုတ်၊ သံတွဲ၊ မြောက်ဦးမြို့နယ်တို့မှ သံသယဖြင့် ဖမ်းဆီးခံထားရသူ ၁၀ ဦးထက်မနည်းရှိနေပြီး ထိုအထဲတွင် အမျိုးသမီးများလည်းပါဝင်သည်။

ဗီဒီယိုများ