ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်မည်

PDF ဖြင့်ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

03 Mar 2022

DMG ၊ မတ်လ ၃

PDF ဖြင့်ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

၎င်းတို့နှစ်ဦးကို မအူပင်တွင်ဖမ်းဆီးရမိသော PDFနှင့် ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ငပလီ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါအမှုတွင် လိုပြသက်သေ ၁၃ ဦးနှင့် ရုံးခေါ်သက်သေတစ်ဦးပါဝင်သည်။ ရုံးခေါ်သက်သေဖြစ်သည့် သံတွဲမြို့မစခန်းမှူးအား ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့သည်။

လာမည့်မတ်လ ၉ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထားပြီး စွဲချက်တင်သင့်၊ မတင်သင့်လျှောက်လဲချက်ပေးကာ စွဲချက်အမိန့်ချမှတ်သွားရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။

"ဒီနေ့က ရုံးခေါ်သက်သေတစ်ဦးဖြစ်တဲ့ သံတွဲမြို့မစခန်းမှူးကို စစ်ဆေးပြီးစီးပါတယ်။ လာမယ့်ရုံးချိန်းမှာက စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်နှင့်အတူ စွဲချက်အမိန့်ပါတစ်ခါတည်း ချမှတ်ဖို့ ရုံးချိန်းချိန်းဆိုထားတယ်"ဟု ဆိုသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့မှာ လူမှုရေးတက်ကြွလှုပ်ရှားသူများသာဖြစ်ကြပြီး ယခုကဲ့သို့ PDF ဖြင့်ဆက်စပ်သည်ဆိုသည်မှာ စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်၊ သံတွဲ၊ မြောက်ဦး စသည့် ၃ မြို့နယ်မှ PDF နှင့် ဆက်စပ်သည်(သို့မဟုတ်)ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀ ဦးထက်မနည်းရှိသည်။

ထိုအထဲမှ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

ဗီဒီယိုများ