လက်နက်ကြီးကျည် ထိမှန်ခဲသည့် မြေပုံမြိုနယ်မှ တက္ကသိုလ်ကျောင်းသူတွင် ဦးခေါင်း၌ကျည်စဝင်နေ၍ ရန်ကုန်သို့ သွားရမည့် အခြေအနေရှိ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းတွင် လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့သည့် အဝေးသင်တက္ကသိုလ်ကျောင်းသူမှာ ရန်ကုန်သို့ သွားရောက်ဆေးကုသရမည့် အခြေအနေတွင်ရှိနေကြောင်း မိသားစုဝင်များထံမှသိရသည်။

By နှင်းနွယ် 12 Sep 2020


နှင်းနွယ် | DMG
စက်တင်ဘာ ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းတွင် လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့သည့် အဝေးသင်တက္ကသိုလ်ကျောင်းသူမှာ ရန်ကုန်သို့ သွားရောက်ဆေးကုသရမည့် အခြေအနေတွင်ရှိနေကြောင်း မိသားစုဝင်များထံမှသိရသည်။

မနှင်းယုလှိုင် ၂၁ နှစ်သည် စက်တင်ဘာလ(၈)ရက်နေ့က ရေချိုးပြီး အဝတ်လှန်းရန်လုပ်နေစဉ် ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်နက်ကြီးထိမှန်ခဲ့မှုကြောင့် မနှင်းယုလှိုင်တွင် ဦးခေါင်း၌ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး ကမ်းထောင့်ကြီးဆေးရုံ၌ တစ်ရက်ခန့် ဆေးကုသမှု ခံယူခဲ့ရသည်။

ထို့နောက် ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံသို့ စက်တင်ဘာလ(၉)နေ့က ယူဆောင်လာ၍ ဦးခေါင်းအား ဓာတ်မှန်ရိုက်ကြည့်ရာ လက်နက်ကြီးကျည်စ ဝင်နေသဖြင့် ရန်ကုန်သို့သွားရမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဖြူသိန်းက DMG သို့ပြောသည်။

“ခြေတွေ၊လက်တွေကတော့ နဂိုတိုင်းပြန်ဖြစ်သွားပြီ။ အစတုန်းကဆို တကိုယ်လုံးရောင်နေတာ။ ဒါပေမယ့် လူနာကတော့ သတိမရသေးဘူး။ ဦးခေါင်းကို ဓာတ်မှန်ရိုက်ကြည့်တော့ ဦးနှောက်အကြောနားမှာ လက်နက် ကြီးအစကပ်နေတယ်တဲ့။ ထုတ်လို့မရတော့ခက်နေတယ်။ ဆရာဝန်ကြီးကတော့ ဒီမှာအာရုံကြောဆရာဝန်တွေ မရှိတဲ့အတွက် လူနာသတိရလာရင် ရန်ကုန်ကိုသွားရမယ်လို့ ပြောတယ်။ အခုကတော့ လူနာသတိမရသေးတဲ့ အတွက် သွားလို့မရသေးဘူး။ လက်ရှိတော့ သူ့ကိုဆေးတစ်ပုလင်းပြီး တစ်ပုလင်း သွင်းပြီးကုနေရတယ်’’ဟု ၎င်းက ပြောသည်။

မနှင်းယုလှိုင်မှာ အဝေးသင်နောက်ဆုံးနှစ်တက်ရောက်မည့် ကျောင်းသူတစ်ဦးဖြစ်ပြီး လက်နက်ကြီးထိမှန် ခဲ့သည့်နေ့မှစ၍ ယနေ့(၄ ရက်ကြာသည်)အထိ သတိမရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ကျနော့်မှာက သမီးတစ်ယောက်တည်းပဲရှိတာ။ သူအခုလိုဖြစ်နေတာမြင်တော့ ဖခင်တစ်ယောက်အနေနဲ့ ဘယ်လိုမှ မဖြေနိုင်ဘူး။ သူကကျောင်းလည်း ဆက်တက်ရအုံးမှာ။ တိုက်ပွဲဖြစ်တဲ့နေရာမှာနေလို့ဖြစ်သွားတာဆို ရင်တော့ ဘာမှမပြောလိုဘူး။ အခုက ရွာထဲမှာ၊ ကိုယ့်အိမ်မှာအေးဆေးနေရင်းနဲ့ကိုဖြစ်သွားတာ။ ကျနော်ကတော့ ကျနော့်သမီးကို အကောင်းတိုင်းပြန်လိုချင်တယ်။ ပညာတစ်ပိုင်းတစ်စနဲ့ တစ်ခုခုဖြစ်သွားမှာကို မလိုချင်ဘူး။ ကျောင်းကိုပြီးအောင်ထိ ဆက်တက်စေချင်သေးတယ်’’ ဟု ဖခင်ဖြစ်သူ ဦးမောင်ဖြူသိန်းက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက ညောင်ကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲကာ ပညာရေးဝန်ထမ်းတစ်ဦး၊ ကလေးနှစ်ဦးနှင့် တစ်ခြားရွာသားတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားခဲ့ပြီး မနှင်းယုလှိုင်အပါအဝင် ဒေသခံ(၁၀)ဦးမှာလည်း ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါလက်နက်ကြီးများမှာ အမ်းမြို့နယ်၊ ကျောက်ဆည်တောင်ရှိ တပ်မတော်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များဖြစ်ကြောင်း ကျေးရွာသားများကပြောဆိုကြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့(စက်တင်ဘာလ ၁၂ ရက်)နေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဗီဒီယိုများ