နေရပ်စွန့်ခွာမွတ်ဆလင်များကို ယခုလအတွင်း ပြန်လည်လက်ခံရန် နှစ်နိုင်ငံသဘောတူထား

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရု်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များထဲမှာ လူဦးရေသုံးထောင်ကျော်ကို ယခု သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ ပြန်လည်လက်ခံရန်အတွက် နှစ်နိုင်ငံညှိနှိုင်းသဘောတူထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဆိုသည်။

By ခိုင်မင်းညို 17 Aug 2019

၂၀၁၈ နှစ်ဆန်းပိုင်းက မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာကြသော မွတ်ဆလင်များအား တွေ့ရစဉ်။

ခိုင်မင်းညို | DMG

သြဂုတ် ၁၇ ၊ ရန်ကုန်

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရု်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များထဲမှာ လူဦးရေသုံးထောင်ကျော်ကို ယခု သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ ပြန်လည်လက်ခံရန်အတွက် နှစ်နိုင်ငံညှိနှိုင်းသဘောတူထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဆိုသည်။

နိုင်ငံတော်သမ္မတအိမ်တော်၌ သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူဦးရေ ၂ သောင်းကျော်ပါဝင်သည့်စာရင်းအား မြန်မာနိုင်သို့ပေးပို့လာရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ဆောင်ရွက်၍ လူဦးရေ ၃၄၅၀ ဦးအား ပြန်လည်လက်ခံနိုင်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ယနေ့အချိန်ထိ ဘင်္ဂလားဒေ့ရု်နိုင်ငံဘက်က တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်း မရှိသေးပေ။

“သူတို့နိုင်ငံမှာ အခုကာလက ဘာသာရေးရုံးပိတ်ရက် ရက်ရှည်ပိတ်ထားရတယ်။ အဲဒီတော့ လာမယ့်အပတ်ထဲ ရုံးဖွင့်ရက်မှာ မြန်မာနိုင်ငံအစိုးရကို အမြန်ဆုံး အကြောင်းကြားဖို့ပြောထားတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အဆိုပါ လူဦးရေ ၃ ထောင်ကျော်ကို ပြန်လည်ပို့ဆောင်ပါက မြန်မာနိုင်ငံအနေဖြင့် ချက်ချင်း လက်ခံဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းနှင့် ပြန်လည်နေရာချထားရေးတွင်လည်း အဆင်ပြေစေရန်အတွက် အုပ်စု (၇) စုဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“သူတို့ကို အုပ်စု ၇ စုနဲ့ ပြန်လက်ခံဖို့ အဆိုပြုထားတယ်။ ကျနော်တို့က သူတို့ကို ပြန်နေရာချထားတဲ့အချိန်မှာ တကွဲတပြားစီမဟုတ်ဘဲ အစုလိုက်၊ အစုလိုက် နေလို့ရအောင်အတွက်ဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်မောင်တောခရိုင်၌ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရု်နိုင်ငံသို့ လူဦးရေ ၇ သိန်းကျော် ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ထိုသို့ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရန် ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နေကြသော်လည်း ယနေ့အချိန်ထိ ပြန်လည်လက်ခံနိုင်ခြင်း မရှိကြသေးပေ။

ဗီဒီယိုများ