စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်မှုရှိနေ

“အရင်တုန်းကလည်း အောက်ဆီဂျင်အားနည်းချက်တွေနဲ့ လူနာတွေကို အောက်ဆီဂျင်သွင်းပြီး ကုသနေရတယ်။ အဲတော့လက်ရှိမှာ ကိုဗစ်လည်းထပ်တိုးလာတော့ ပိုပြီးအခက်အခဲဖြစ်သွားတယ်။ အောက်ဆီဂျင်က အလုံ အလောက်မရ၊ ဆေးရုံမှာက အောက်ဆီဂျင်ထုတ်တဲ့စက်ကလည်း ၁ လုံးတည်းရှိတယ်” ဟု ၎င်းကရှင်းပြသည်။

By မျိုးသီရိကျော် 15 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် လူနာများအတွက် အောက်ဆီဂျင်လိုအပ်မှု ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါဆေးရုံကြီး၌ ယခင်ကိုဗစ်မဖြစ်မီက အောက်ဆီဂျင်လုံလောက်မှုအသင့်အတင့်ရှိခဲ့သော်လည်း ယခု အချိန်ကာလတွင် အောက်ဆီဂျင်အသုံးပြုမှုများပြားလာသည့်အတွက် အောက်ဆီဂျင်ပိုမိုပြီး လိုအပ်လာ နေကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအချို့က ပြောသည်။

ယင်းဆေးရုံရှိ ကိုဗစ်ကုသဆောင်တွင် အောက်ဆီဂျင်သွင်းကုသနေရသည့် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦးနှင့် အထူး ကြပ်မက်ဆောင်၌ အောက်ဆီဂျင်သွင်းကုသနေရသူ ပြင်းထန်လူနာ ၂ ဦးရှိပြီး အခြားဖျားနာဆောင်၊ ခွဲစိတ် ကုသဆောင်များရှိလူနာတို့အား အောက်ဆီဂျင်ပုံမှန်လိုအပ်သည့် ပမာဏထက် အနည်းငယ်လျော့ကာ ကုသနေရကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီး၌ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ဆောက်ရွက်ပေးနေသူ သမားတော် ဒေါက်တာအောင်နိုင်လင်းက ပြောသည်။

“အရင်တုန်းကလည်း အောက်ဆီဂျင်အားနည်းချက်တွေနဲ့ လူနာတွေကို အောက်ဆီဂျင်သွင်းပြီး ကုသနေရတယ်။ အဲတော့လက်ရှိမှာ ကိုဗစ်လည်းထပ်တိုးလာတော့ ပိုပြီးအခက်အခဲဖြစ်သွားတယ်။ အောက်ဆီဂျင်က အလုံ အလောက်မရ၊ ဆေးရုံမှာက အောက်ဆီဂျင်ထုတ်တဲ့စက်ကလည်း ၁ လုံးတည်းရှိတယ်” ဟု ၎င်းကရှင်းပြသည်။

သို့ဖြစ်၍ အခြားသော တိုင်းနှင့်ပြည်နယ်ဆေးရုံများကဲ့သို့ အောက်ဆီဂျင် လုံလုံလောက်လောက် ထုပ်ပေး နိုင်သည့်စက်များ၊ အောက်ဆီဂျင်ပိုက်လိုင်းစနစ်ဖြင့် ကုသနိုင်ရန် ဆေးရုံတာဝန်ရှိသူများ၊ အခြားသော အလှူရှင်များနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း ဒေါက်အောင်နိုင်လင်းက တောင်းဆိုသည်။

“ကိုဗစ်ကာလလည်း ဘယ်အချိန် ပြီးသွားမှာလည်းမသိနိုင်ဘူး။ အဲတော့ အောက်ဆီဂျင်လိုအပ်တဲ့သူတွေကို အောက်ဆီဂျင်ပေးသွင်းပြီး ကုသမှသာအဆင်ပြေမှာလေ။ ဆေးထိုးပြီး ကုသနေလို့တော့ အဆင်မပြေနိုင်ဘူး။ အောက်ဆီဂျင်မရှိရင် ၅ မိနစ် ၁၀ မိနစ်အတွင်းလည်း လူတစ်ယောက်သေဆုံးသွားနိုင်တယ်လေ။ အဲအောက်ဆီဂျင် လိုအပ်တာတွေနဲ့ ကြုံလာရင်တော့ တကယ့်မြေပြင်မှာ ဆေးကုသနေတဲ့သူတွေလည်း အခက် အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်” ဟု ဆိုသည်။

ထိုသို့ အောက်ဆီဂျင်လုံလောက်မှုမရှိဖြစ်နေခြင်းနှင့်ပတ်သက်၍ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်အား မေးမြန်းရာ ၎င်းကအောက်ဆီဂျင်လျော့၍ ကုသနေရခြင်းဆိုသည်မှာ ကောလ ဟာလသာဖြစ်ပြီး ကိုဗစ်လူနာများနှင့် တခြားလူနာများအား ပုံမှန်အတိုင်း အောက်ဆီဂျင်သွင်းပြီး ကုသ ထားကြောင်းပြောသည်။

စစ်တွေဆေးရုံကြီး၌ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းအချိန်စာရင်းအရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ လက်ရှိဆေးရုံတွင် ကုသမှုခံယူနေရသူ စုစုပေါင်း ၈၈ ဦးရှိသည့်အထဲမှ အထူးကြပ်မက်လူနာ (၃)ဦးနှင့် ပြင်းထန် လူနာ (၆) ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရှိသူ စုစုပေါင်း(၁၀၄၆)ဦးနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း ရခိုင်ကိုဗစ် စောင့်ကြည့်ရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်တွင် ယနေ့အောက်တို ၁၅ ရက်နေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၂၃၄၉ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူစုစုပေါင်း ၁၉၅၉ ဦးနှင့် သေဆုံးသူ ၈ ဦးထိရှိပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ