မြောက်ဦးတွင် လက်နက်ကြီးကျ၍ ကလေးတစ်ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယနေ့(အောက်တိုဘာ ၁၉ ရက်) ညနေ ၄ နာရီကျော်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

By မျိုးသီရိကျော် 19 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၁၉ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယနေ့(အောက်တိုဘာ ၁၉ ရက်) ညနေ ၄ နာရီကျော်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးမှာ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်တွင်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဦးကျန်မြင့် (၄၃)နှစ်၊ ဒေါ်အေးဝင်း (၄၀)နှစ်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်မျိုးအောင်ဌေးမှာ နေရာတွင်သေဆုံးသွားခဲ့ကြောင်း ထမ္မရာဇ်ရပ်ကွက်မှ ကိုသန်းနိုင်ဌေးက ပြောသည်။

“လက်နက်ကြီးက သူတို့အိမ်ရှေ့မှာ ကျလာတာပါ။ ကလေးအဖေက အိမ်ရှေ့ကရေသုံးကန်မှာ သဘောၤဥ ဆေးနေတာပါ။ ကလေးအမေက ဘာလုပ်နေလဲဆိုတာအတိကျမသိဘူး။ သေဆုံးသွားတဲ့ကလေးက သူ့အဖေ နားမှာ ဆော့ကစားနေတဲ့အချိန် လက်နက်ကြီးက ဘယ်နားကကျလာမှန်းမသိပဲ သူတို့အိမ်ရှေ့မှာ ပေါက်ကွဲ သွားတာပါ” ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ကျနော်တို့အနေနဲ့တော့ ဒီလိုမျိုး အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးတာနဲ့ပတ်သက်ပြီး တရား ဥပဒေမဲ့လုပ်ရပ်တွေအတွက် ပြည်သူကိုယ်စား ဝမ်းနည်းမိတယ်” ဟု ဆိုသည်။

ယင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် ထမ္မရာဇ်ရပ်ကွက်သို့ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များရောက်ရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။ သို့သော် မည်သည့်အတွက်ကြောင့် ရောက်ရှိ လာသည်ကိုမူမသိရှိရကြောင်း ဒေသခံများကဆိုသည်။

ထမ္မရာဇ်ရပ်ကွက်မှ ဒဏ်ရာရရှိခဲ့သူနှစ်ဦး၏အခြေအနေမှာ စိုးရိမ်စရာမရှိတော့ကြောင်း မြောက်ဦးမြို့ ပြည်သူ့ ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်းက ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် လက်နက်ကြီးကျရောက် မှုကြောင့် ရွာသစ်ကေကျေးရွာတွင်နေထိုင်သည့် မူလတန်းပြဆရာတစ်ဦး သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲ ၂ နှစ်တာကာလအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုများပြားလာနေသည်။

DMG မှကောက်ယူရရှိထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ ယနေ့အောက်တိုဘာ ၁၉ ရက်နေ့အထိ အရပ်သားသေဆုံးသူ ၄၅ ဦးအထိ ရှိလာသည်။

ဗီဒီယိုများ