ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီးကျ၍ မူလတန်းပြဆရာတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေကျေးရွာအနီးတွင် ယနေ့(အောက်တိုဘာ ၁၉ ရက်) နေ့လည် ၁၂ နာရီကျော်အချိန်က လက်နက်ကြီးကျရောက်မှုကြောင့် မူလတန်းပြဆရာတစ်ဦး ကျည်ထိမှန် သေဆုံး သွားခဲ့ကြောင်း မိခင်ဖြစ်သူက DMG သို့ ပြောသည်။

By နှင်းနွယ် 19 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေကျေးရွာအနီးတွင် ယနေ့(အောက်တိုဘာ ၁၉ ရက်) နေ့လည် ၁၂ နာရီကျော်အချိန်က လက်နက်ကြီးကျရောက်မှုကြောင့် မူလတန်းပြဆရာတစ်ဦး ကျည်ထိမှန် သေဆုံး သွားခဲ့ကြောင်း မိခင်ဖြစ်သူက DMG သို့ ပြောသည်။

ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိလယ်ကွင်းတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ သဖြင့် ကျောင်းဆရာတစ်ဦး ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်ဟု ရွာသစ်ကေကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက ပြောသည်။

အဆိုပါကျောင်းဆရာမှာ မိမိနေအိမ်မှနွားများကို လယ်ကွင်းသို့လွှတ်ရန်သွားစဉ် ယင်းသို့ကျည်ထိမှန် သွားခဲ့ခြင်းဖြစ်သည်။

“ကျမမှာ ဒီသားတစ်ယောက်ပဲရှိတာ။ သူက ကျောင်းဆရာဖြစ်ခါစပဲရှိသေးတယ်။ သူအခုလိုဖြစ်သွားတာကို ဘယ်လိုမှမခံစားနိုင်ဘူး။ အခုနားကပဲ အသက်ရှိသေးတယ်၊ အခုသေပြီဆိုတော့ ကျမဘယ်လိုဖြေရမလဲ။ သူ့ကိုယ်စား ကျမပဲအဖြစ်ခံလိုက်ချင်တယ်” သေဆုံးသူမောင်မျိုးဆက်နိုင်ဦး၏မိခင် ဒေါ်မကြီးကပြောသည်။

ယခု လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသွားသည့်ကျောင်းဆရာမှာ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းဆင်း မောင်မျိုးဆက်နိုင်ဦး အသက်(၂၁)နှစ်ဖြစ်သည်။

၎င်းသည် ရွာသစ်ကေကျေးရွာဇာတိဖြစ်ပြီး လက်ရှိမှာ ရသေ့တောင်မြိုနယ် င/စံဘော်ကျေးရွာရှိ မူလတန်း(လွန်)ကျောင်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“လက်နက်ကြီးက လယ်ကွင်းမှာလာပြီး ပေါက်ကွဲတော့ သူ့ကိုသွားထိတာ။ ဘယ်ဘက်မျက်လုံးထွက်သွားတယ်။ ဒဏ်ရာက အရမ်းပြင်းတော့ စစ်တွေဆေးရုံကိုပို့ဆောင်တဲ့လမ်းမှာပဲ သေသွားတာ။ ဆေးရုံတောင် မရောက် လိုက်ဘူး” ဟု ဦးခင်မောင်ဆန်းက ဆိုသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းအား ကျေးရွာသို့မယူဆောင်တော့ဘဲ ရသေ့တောင်မြို့၌သာ သင်္ဂြိုလ် သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်ကာ ရသေ့တောင်မြို့ပေါ်တပ်ရင်းမှ ရွာသစ်ကေကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

“မြို့ပေါ်တပ်ရင်းတွေက အဲဒီဖက်ကို တိုက်ပွဲမဖြစ်လည်း အမြဲလိုလိုပစ်တယ်။ လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက ပစ်နေတာ။ အဲဒီကျေးရွာရဲ့မြောက်ဘက်မှာရှိတဲ့ အောင်သာစည်အနီးက တောင်ကုန်းမှာ တိုက်ပွဲဖြစ်ထားတာ ရှိတော့ အဲဒီဖက်ကိုပဲ ပုံမှန်ပစ်နေတာ။ ဘာပဲဖြစ်ဖြစ် အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ရှောင်ကြဉ်သင့်တယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့အား DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာမှ ပြာပင်ရင်းကျေးရွာမှ ဒေသခံတစ်ဦးမှာလည်း အောက်တိုဘာ ၁၄ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာကြောင့် စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်ခန့်ကာလအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများ နေ့စဉ်များပြားလျက်ရှိနေသည်။ DMG က ကောက်ယူရရှိထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှ ယနေ့(အောက်တိုဘာ ၁၉ ရက်)အထိ အရပ်သားသေဆုံးသူ(၄၅)ဦးအထိ ရှိခဲ့သည်။

ဗီဒီယိုများ