စစ်တွေမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ငှားများ အပြင်ထွက်ခွင့်ကတ်ပြားမရ၍ အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် မိမိ နေအိမ်မှ ပြင်ပသို့ ဈေးဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စမှအပ သွားလာခွင့်ကိုကန့်သတ်ရန်အတွက် အပြင်ထွက် ကတ်ပြားများထုတ်ပေးနေသော်လည်း အိမ်ငှားနေထိုင်သူများမှာ မရရှိကြောင်း သတင်းရရှိသည်။

08 Oct 2020

ပုံစာ - စစ်တွေမြို့တွင် အပြင်ထွက်ကတ်ပြားမပါရှိဘဲ သွားလာနေသူများကို စစ်ဆေးနေစဉ်

ခင်သရဖီဦး | DMG
အောက်တိုဘာ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် မိမိ နေအိမ်မှ ပြင်ပသို့ ဈေးဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စမှအပ သွားလာခွင့်ကိုကန့်သတ်ရန်အတွက် အပြင်ထွက် ကတ်ပြားများထုတ်ပေးနေသော်လည်း အိမ်ငှားနေထိုင်သူများမှာ မရရှိကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ ရူပမြောက်၊ ဆင်ကူးလမ်း စသည့်ရပ်ကွက်အချို့တွင် အိမ်ငှားနေထိုင်ကြသူများမှာ အဆိုပါ အပြင်ထွက်ကတ်ပြားများ မရရှိသေးကြောင်း သိရသည်။

“ကျနော်တို့အိမ်ငှားတဲ့အခါ အုပ်ချုပ်ရေးမှူးနဲ့ စာချုပ်မချုပ်ခဲ့အတွက် မပေးဘူးလို့ပြောတယ်။ ကျနော်တို့ ကတ်ပြားသွား‌တောင်းတဲ့အခါ အပြစ်တင်တယ်၊ ဒါကို ကျနော်တို့လက်ခံတယ်။ ဒါပေမယ့် ကတ်မပေးဘူး။ လူကြီးတစ်ယောက်အနေနဲ့ မလုပ်သင့်ဘူးလို့ထင်ပါတယ်” ဟု ရူပမြောက်ရပ်ကွက်တွင် အိမ်ငှားနေသည့် အမည်မဖော်ပြလိုသူ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရူပမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်သာကို DMG က တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

စစ်တွေမြို့မှ အခြားရပ်ကွက်များတွင်လည်း အိမ်ထောင်စုစာရင်းရှိမှသာ ကတ်ပြားများထုတ်ပေးသည့်အတွက် အခြားဒေသများမှ ရွှေ့ပြောင်းလာသူများ အခက်တွေ့နေကြရသည်။

“ကျမတို့ ဆင်ကူးလမ်းရပ်ကွက်မှာလည်း ပုံစံ(၁၀) ဆင်ကူးလမ်းကမရှိသေးတာကြောင့် မရတာတွေရှိနေတယ်။ ဘယ်လိုလုပ်ပေးမှာလဲဆိုတာတော့ မပြောသေးတော့ အပြင်ထွက်ခွင့်မရဘူးဖြစ်နေတာတွေရှိပါတယ်” ဟု အမည် မဖော်ပြလိုသည့် ဆင်ကူးလမ်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးကပြောသည်။

ယခုကဲ့သို့ စစ်တွေမြို့ရှိ အသွားအလာကန့်သတ်ခြင်းကိုလုပ်မည်ဆိုပါက ယခုထက်ပိုပြီး စနစ်တကျ ဆောင်ရွက် သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းက ထောက်ပြပြောဆိုသည်။

“ကျနော်တို့လည်းကြားနေရတယ်ပေါ့နော်၊ အိမ်ငှားတွေလည်းမရဘူး။ ရပ်ကွက်မှာ အလုပ်တကယ်လုပ်နေကြတဲ့ ဧည်သည့်တွေပေါ့နော် မရတာတွေကြားရတယ်။ အဲဒါကကြိုတင်ပြင်ဆင်မှု အားနည်းတဲ့လက္ခဏာလို့မြင်တယ်။ ဥပမာ- စနစ်တကျရပ်ကွက်တစ်ခုမှာ ဘယ်သူတွေနေတယ်ဆိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးတွေနဲ့ ပေါင်းပြီးတော့လုပ်ရမှာကို မလုပ်ဘဲနဲ့ အိမ်ထောင်စုစာရင်းတွေကိုအခြေပြုပြီး လုပ်လိုက်တော့ အခုလိုမျိုး ပြဿနာတွေပေါ်လာတာဖြစ်တယ်။ တကယ်လို့ အဲဒီလိုလုပ်မယ်ဆိုရင် ရုံးကဘယ်လောက်ရှိတယ်။ ဘယ်သူတွေ နေတယ်ဆိုတာကို အသေအချာသိပြီးမှ လုပ်သင့်တဲ့အလုပ်ပဲဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် စစ်တွေမြို့၌ လက်လုပ်လက်စားများနှင့် ဈေးရောင်းချနေသူများမှာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး များ၏ ထောက်ခံစာဖြင့် သွားလာလုပ်ဆောင်ရမည်ဖြစ်သော်လည်း တချို့လက်လုပ်လက်စားတို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံစာမရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

စစ်တွေမြို့တွင် အောက်တိုဘာလ ၇ ရက်မှ ၁၄ ရက်နေ့အထိ အပြင်ထွက်ကတ်ဖြင့် သွားလာရမည်ဖြစ်ပြီး ကတ်မပါရှိက ငွေဒဏ်တစ်သောင်းကျပ် ဒဏ်ငွေရိုက်အရေးယူလျက်ရှိပြီး ယင်းရက်နောက်ပိုင်းတွင် လိုက်နာမှု မရှိသူများအား ပြစ်ဒဏ်ထပ်တိုးသွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောဆိုထားသည်။

ယခုကဲ့သို့ စစ်တွေမြို့တွင်နေထိုင်နေသူများ အပြင်ထွက်ကတ်မရရှိခြင်းနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ မအားသေးဟုဆိုကာ ဖုန်းချသွားသဖြင့် တုန့်ပြန်ချက် တစ်စုံတစ်ရာမရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းအချိန်အထိ ကိုဗစ်ပိုးတွေ့လူနာ ၁၇၈၈ ဦးရှိပြီး ယင်းအထဲတွင် ဆေးရုံမှဆင်းခွင့်ရသူ ၁၄၅၅ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၃၃၅ ဦးရှိကာ သေဆုံးသူ ၇ ဦးထိ ရှိကြောင်း ရခိုင်ပြည်နယ်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ သိရသည်။

ဗီဒီယိုများ