ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်မျိုးကွဲ(Lambda)ပိုးတွေ့ရှိနေသဖြင့် ပြည်တွင်း၌ကူးစက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်ညွှန်ကြားထားဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်မျိုးကွဲ(Lambda)ပိုးသစ်တွေ့ရှိနေသဖြင့် ဘင်္ဂဒေ့ရှ်နိုင်ငံနှင့် ခိုးဝင်၊ ခိုးထွက်မရှိစေရေး တာဝန်ရှိသူများအား အထူးစီစစ်ကြပ်မတ်ဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းကပြောသည်။

24 Aug 2021

DMG ၊ သြဂုတ် ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်မျိုးကွဲ(Lambda)ပိုးသစ်တွေ့ရှိနေသဖြင့် ဘင်္ဂဒေ့ရှ်နိုင်ငံနှင့် ခိုးဝင်၊ ခိုးထွက်မရှိစေရေး တာဝန်ရှိသူများအား အထူးစီစစ်ကြပ်မတ်ဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းကပြောသည်။

အဆိုပါရောဂါပိုးမှာ ရောဂါလက္ခဏမပြဘဲ ကူးစက်မြန်ပြင်းထန်ရောဂါပိုးဖြစ်သဖြင့် ရခိုင်ပြည်နယ်သို့ကူးစက်မှုမရှိစေရန် အထူးကြပ်မတ်ဆောင်ရွက်နေကြောင်းလည်း ၎င်းကဆိုသည်။

“လက်ရှိဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်မျိုးကွဲသစ် Lambda(လမ်းဗဒါး)ပိုးတွေ့ရှိတယ်လို့ပြောသံကြားတယ်။ အဲဒီရောဂါပိုးက ရောဂါလက္ခဏာမပြဘူး။ ကူးစက်မှုမြန်ပြီးတော့ ပိုမိုပြင်းထန်တယ်လို့ကြားရတယ်။ အဲဒါကြောင့် နယ်စပ်ကုန်သွယ်ရေးတွေဖွင့်ဖို့အတွက်ကလည်း နားစွင့်နေရတယ်”ဟု ဦးလှသိန်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်မျိုးကွဲပိုးတွေ့ရှိနေသောကြောင့် ရခိုင်ပြည်နယ်သို့ကူးစက်မှုမရှိစေရန် ပြည်သူများအနေဖြင့် ကိုဗစ်စည်းမျည်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ရန်လိုအပ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောဆိုသည်။

“အဓိကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏတွေပါ။ ဘယ်လိုမျိုးကာကွယ်သင့်လဲဆိုတော့ ကိုဗစ်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာဆိုတော့ ကာကွယ်ဆေးကတော့ ထွက်တဲ့ကာကွယ်ဆေးကိုထိုးရမယ်။ လူစု၊လူဝေးမလုပ်ဖို့နဲ့ ကိုဗစ်စည်းကမ်းတွေကိုလိုက်နာသင့်တယ်”ဟု ဆိုသည်။

ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရခိုင်တွင် သြဂုတ် ၂၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၃၈၃၀ ဦးရှိပြီး သေဆုံးသူ ၃၆၇ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၃၂၃ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏စာရင်းအရ သိရသည်။

ဗီဒီယိုများ