NLD ပါတီအောင်နိုင်ရေးယာဉ်တန်းဖြင့် တိုက်မိ၍ သေဆုံသူကိစ္စ ပါတီနှင့်မသက်ဆိုင်ဟုဆို

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ NLD ပါတီ အောင်နိုင်ရေးယာဉ်တန်း အင်အားပြလှည့်လည်ရာတွင် ဒေသခံတစ်ဦးအား ယဉ်တိုက်မှု ဖြစ်ပွားခဲ့သည့်ကိစ္စသည် NLD ပါတီနှင့် သက်ဆိုင်မှုမရှိကြောင်း ပါတီတာဝန်ရှိသူများက ဆိုသည်။

By အောင်ကောင်းဇော် 07 Nov 2020

အောင်ကောင်းဇော် ၊DMG
နိုဝင်ဘာ ၇ ၊ မာန်အောင်

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ NLD ပါတီ အောင်နိုင်ရေးယာဉ်တန်း အင်အားပြလှည့်လည်ရာတွင် ဒေသခံတစ်ဦးအား ယဉ်တိုက်မှု ဖြစ်ပွားခဲ့သည့်ကိစ္စသည် NLD ပါတီနှင့် သက်ဆိုင်မှုမရှိကြောင်း ပါတီတာဝန်ရှိသူများက ဆိုသည်။

အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်၁၀ နာရီအချိန်ခန့်က မာန်အောင်မြို့နယ် အတွင်း NLD ပါတီ ထောက်ခံသူများမှ ဦးဆောင်ကာ ကျွန်းပတ်အင်အားပြသကြစဉ်ဖြစ်၍ ပါတီအနေဖြင့် မသက်ဆိုင်သလို ဖြေရှင်းဆောင်ရွက်ပေးမည်လည်း မဟုတ်ကြောင်း မြို့နယ်ပါတီဥက္ကဌ ဦးသန်းဝေ ကပြောသည်။

“အဲဒီ ဆုံးတဲ့လူက စက်ဘီနှင့် တံတားထက်ကအဆင်း ရပ်ထားတဲ့ကားကို သွားတိုက်တာလို့ သိရတယ်။ ကျနော်တို့ဖက်က လုပ်တာမဟုတ်ဘူး။ ပါတီရယ်၊ ကိုယ်စားလှယ်လောင်းတွေနဲ့ လုံးဝ မသက်ဆိုင်ဘူး။ ဒီကိစ္စက ပါတီထောက်ခံသူတွေက အခုလို အင်အားပြလုပ်ချင်တယ်ဆိုပြီး ပါတီကို တင်ပြလာတော့ ကျနော်တို့က မလုပ်နဲ့တားလို့ မရလိုက်ဘူး”ဟု ၎င်းက ဆက်၍ပြောသည်။

သေဆုံးသွားသူမှာ သိမ္ဘလကျေးရွာအုပ်စု ကုန်းတန်းကျေးရွာနေ ဦးဖိုးလှောင် အသက် (၇၄ )နှစ် ရှိသူဖြစ်ပြီး ယဉ်တိုက်မှုဖြစ်ပြီး ၁ နာရီအကြာခန့်တွင် မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခင်းဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ပါတီအနေနှင့်လည်းကောင်း ဝန်ရံသူများအနေဖြင့်လည်းကောင်း ဖြေရှင်းပေးသင့်ကြောင်း မာန်အောင်မြို့နယ် NLD ပါတီ အောင်နိုင်ရေး အင်အားပြလိုက်ပါခဲ့သူ ဦးမောင်တင်က ပြောသည်။

“ဒီကိစ္စက ပါတီတို့ ကိုယ်စားလှယ်လောင်းတွေနဲ့ မပတ်သက်ဘူး။ ဒါပေမဲ့ ဖြစ်လာတဲ့ ပြသာနာအပေါ်မှာ ဝန်းရံပြီး အကောင်းဆုံးဖြေရှင်းဖို့ လိုမယ်ထင်တယ်။ အဲဒါဟာ တရားနည်းလမ်း ကျတဲ့ အနေအထားလို့ ထင်တယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ယဉ်မောင်းဖြစ်သူ ကိုမောင်လေးဆိုသူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က )ဖြင့် အမှုဖွင့်ထားပြီး လက်ရှိရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မာန်အောင်မြို့နယ် ရဲစခန်းမှ ဂတ်စာရေး ဦးဇော်ဝင်းမြင့်က ပြောသည်။

ဗီဒီယိုများ