သံတွဲတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ခဲ့မှုဖြင့် လူငယ်တစ်ဦးကို ထောင်ဒဏ်တစ်နှစ်ကျော်ချမှတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်းဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့မှုဖြင့် လူငယ်တစ်ဦးမှာ ထောင်ဒဏ်တစ်နှစ်ကျော်ချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

05 Mar 2022

DMG ၊ မတ် ၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်းဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့မှုဖြင့် လူငယ်တစ်ဦးမှာ ထောင်ဒဏ်တစ်နှစ်ကျော်ချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ထောင်ဒဏ်ချမှတ်ခံရသူမှာ အသက် ၃၀ နှစ်အရွယ် ကိုဇေယျာထွန်းဆိုသူဖြစ်သည်။ ၎င်းကို ယခုနှစ်ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကဖမ်းဆီးသွားခဲ့ပြီးနောက် မတ်လ ၃ ရက်နေ့တွင် ဘေးစီမံပုဒ်မအတွက် ထောင်ဒဏ် ၁ နှစ်နှင့် ငြိမ်းစုစီပုဒ်မအတွက် ထောင်ဒဏ် ၁ လချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

"သူတို့ကမေးမြန်းဖို့ဆိုပြီး အိမ်ကခဏခေါ်သွားတာ။ အဲဒါကို ပြန်မလွှတ်ဘဲ တစ်ခါတည်းဖမ်းပြီး တရားရုံးမှာ ရုံးတစ်ကြိမ်ဘဲထုတ်ပြီး ထောင်ဒဏ်တစ်ခါတည်းချမှတ်လိုက်တာ။ ရှေ့နေတောင်မငှားလိုက်ရဘူး။ အမှုဖြစ်တော့ အမှုရင်ဆိုင်ဖို့ဆိုပြီး ဒီဖက်ကလဲပြင်ဆင်နေတာ ဘာမှတောင်မလုပ်လိုက်ရဘူး"ဟု ၎င်းမိသားစုဝင်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက သံတွဲမြို့၌ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ခဲ့မှုဖြင့် ကိုဇေယျာထွန်းကို ငြိမ်းစုစီဥပဒေပုဒ်မ- ၂၅၊ ဘေးစီမံဥပဒေပုဒ်မ- ၁၉ တို့ဖြင့် အမှုဖွင့်ခဲ့သည်ဟု သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့နောက် ကိုဇေယျာထွန်းမှာ တိမ်းရှောင်နေသဖြင့် သံတွဲမြို့နယ်တရားရုံးမှ တရားခံပြေးအဖြစ်ထုတ်ပြန်ခဲ့ကာ ယခုအခါမှ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းတာဝန်ရှိသူက ဆိုသည်။

"သူ့ကိုအမှုဖွင့်တာက ၂ လပိုင်းကတည်းကဖွင့်တာ။ အဲဒီတုန်းက သူ့ကိုသွားရောက်ဖမ်းဆီးတဲ့အခါ သူ့ကိုမတွေ့ဘူး။ အဲဒါကြောင့် တရားရုံးကဥပဒေပုဒ်မ ၈၇၊ ၈၆ အရ တရားခံပြေးထုတ်ထားတာ။ အခုမှဖမ်းမိလို့ အပြစ်ပေးအရေးယူခံရတာဖြစ်တယ်"ဟု ၎င်းကပြောသည်။

အလားတူ ငပလီမြို့မှ ကိုဟန်မျိုးသူရိန်မှာလည်း သံတွဲမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ရာ၌ပါဝင်ခဲ့မှုဖြင့် ယခုနှစ်ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည်။

ဗီဒီယိုများ