ရသေ့တောင်တွင် ကျေးရွာအတွင်းလက်နက်ကြီးကျ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအတွင်း ယနေ့ညနေ ၅ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးသေဆုံးကာ နောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

By ခိုင်ရိုးလ 21 Nov 2019

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၁၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအတွင်း ယနေ့ညနေ ၅ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးသေဆုံးကာ နောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာတောင်ကုန်းပေါ်ရှိ တပ်မတော်အမြောက်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ အမျက်တောင်ကျေးရွာအတွင်း ကျရောက်မှုကြောင့် ရွာသားများမှာဘုန်းတော်ကြီးကျောင်းသို့ထွက်ပြေးစဉ် ဦးချမ်းသိန်းမောင် ၄၈ နှစ်မှာ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမျက်တောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်က မိန့်သည်။

“လက်နက်ကြီးကျတာနဲ့ သူ့ရင်ဘတ်တွေ ခန္ဓာကိုယ်တွေမှာ လက်နက်ကြီးအစတွေ ဖောက်ထွက်သွားတယ်။ အဲဒီမှာပဲ နေအိမ်ရှေ့မှာလဲသွားတယ်။ ခဏအတွင်းလေးမှာပဲ သေဆုံးသွားတာ” ဟု ဆရာတော်က DMG ကို မိန့်သည်။

ယင်းသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် နောက်ထပ်ကျေးရွာသား ဦးခင်မောင်ဝင်းမှာလည်း ဦးခေါင်းတွင် ကျည်ထိမှန်သွားခဲ့ကြောင်း သိရသည်။

“လက်ရှိအခြေနေမှာ ရွာသားတွေ၊ ကြောက်လန့်ပြီးတော့ ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ ဒဏ်ရာရထားတဲ့တစ်ယောက်ကိုလည်း ရွာမှာပဲ တတ်နိုင်သလောက် ဆေးကုသပေးထားတယ်” ဟု ဆရာတော်က မိန့်သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

ဗီဒီယိုများ