ရခိုင်တွင် မြန်မာ့တပ်မတော်မှ ကျင့်သုံးနေသော စစ်ရေးနည်းဗျူးဟာအား အမြန်ဆုံးရပ်တန့်ပေးရန် ရခိုင်အမျိုးသားပါတီမှ သမ္မတထံ အိတ်ဖွင့်ပေးစာပို့

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်မှကျင့်သုံးနေသည့် စစ်ဆင်ရေးနည်းဗျူးဟာအား အမြန်ဆုံးရပ်တန့် ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)မှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ စက်တင်ဘာလ ၅ ရက်နေ့က အိတ်ဖွင့်စာပေးပို့ခဲ့သည်။

06 Sep 2020

ခင်သရဖီဦး | DMG
စက်တင်ဘာ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်မှကျင့်သုံးနေသည့် စစ်ဆင်ရေးနည်းဗျူးဟာအား အမြန်ဆုံးရပ်တန့် ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)မှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ စက်တင်ဘာလ ၅ ရက်နေ့က အိတ်ဖွင့်စာပေးပို့ခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် ကျင့်သုံးနေသော စစ်ဆင်ရေးကြောင့် အပြစ်မဲ့ ရခိုင်ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးထိခိုက်ကြရသည့် အဖြစ်အပျက်များမှာ သက်သေအထောက်အထား ခိုင်လုံသောမှတ်တမ်းများအဖြစ် ပြန့်န့ှံတည်ရှိနေပြီဖြစ်သည်ဟု အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

၎င်းအပြင် မြန်မာတပ်မတော်အနေဖြင့် ဤရွာမှာ၊ ဤရွာအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားရသည်ဟုဆိုကာ လူနေ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ သံသယဖြင့် ပစ်ခတ်ရှင်းလင်းခြင်း၊ တရားစွဲဆိုခြင်း၊ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေမှုများ ရှိနေသည့်အတွက် အပြစ်မဲ့အရပ်သားပြည်သူများအား ဥပဒေနှင့်အညီ ကာကွယ်ပေးရန် နိုင်ငံတော်အစိုးရနှင့် မြန်မာ့တပ်မတော်တို့တွင် အပြည့်အဝတာဝန်ရှိကြောင်းလည်း ၎င်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ကိုဗစ်ကာလ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ကျောက်တော်မြို့နယ်ရှိ ဂုပ္ပီတောင်ကျေးရွာ၊ သင်္ဂနက်ကျေးရွာ၊ င/တပေါင်းကျေးရွာ၊ လမုသာကျေးရွာများတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း ကြောင့် ကျေးရွာသား ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာမှ စုစုပေါင်းအိမ်ခြေ ၁၈၀ ခန့် မီးရှို့ခံရခြင်း စသည့်လုပ်ရပ်များနှင့် တခြားလူသားမဆန်သော လုပ်ရပ်များစွာရှိနေခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ဆိုးရွားစွာ ထိခိုက်ခံစားနေကြရသည်ဟုလည်း ဆိုသည်။

အလားတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကလည်း တဖက်နှင့်တစ်ဖက် အပစ်အခတ်ရပ်စဲရေးနှင့် COVID-19 ကာလတွင် မြန်မာ့တပ်မတော်အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို မြဲမြံစွာကိုင်စွဲ၍ အပစ်အခတ်ရပ်စဲရေးကို ရခိုင်ဒေသအထိ တိုးချဲ့အကျုံးဝင်စေခြင်းဖြင့် မိမိ၏သဘောထားကြီးမှုကို ပြသကာ နှစ်ဘက်အပစ်အခတ် ရပ်စဲကြရန် စက်တင်ဘာလ ၅ ရက်နေ့က သဘောထားထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ခံရသည့် ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက် ကျေးရွာတို့မှ မီးဘေးသင့်ပြည်သူများနှင့် ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရကြောင်းလည်း ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောက်တော်မြို့နယ်မှ ကျေးရွာများ မီးရှို့ ခံရသည့်ကိစ္စမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုထားသည်။

ဗီဒီယိုများ