ရခိုင်ပြည်နယ်ရှိ ကျေးရွာပေါင်း ထောင့်ခြောက်ရာကျော်တွင် လျှပ်စစ်မီး ၂၄ နာရီ မရသေး

လက်ရှိ အစိုးရသက်တမ်းကုန်ဆုံးခါနီးသို့ ရောက်ရှိလာသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆၅၂ ရွာတွင် ၂၄ နာရီ လျှပ်စစ်မီးမရသေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

25 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၂၅ ၊ စစ်တွေ

လက်ရှိ အစိုးရသက်တမ်းကုန်ဆုံးခါနီးသို့ ရောက်ရှိလာသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆၅၂ ရွာတွင် ၂၄ နာရီ လျှပ်စစ်မီးမရသေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကျေးရွာစုစုပေါင်း ၃၇၄၂ ရွာရှိပြီး လက်ရှိအချိန်အထိ ၂၄ နာရီ လျှပ်စစ်မီးမရသေးသည့် ကျေးရွာပေါင်း ၁၆၅၂ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် မဟာဓာတ်အားရရှိရေးမှာ မြို့အနီး (၁၀)မိုင်အတွင်းရှိ ကျေးရွာများမှာ လျှပ်စစ်မီးရရှိရန် စီမံချက်ထားရှိသော်လည်း ရခိုင်ပြည်နယ်မှာ လမ်းမပေါက်ခြင်း၊ မြစ်များကျယ်ပြန့်သည့်အတွက် တာဝါများ မဆွဲနိုင်ခြင်းကြောင်း ဆယ်မိုင်အတွင်းမှာရှိသည့် ကျေးရွာများကိုလည်း အပြည့်အဝ လျှပ်စစ်မီးရရှိစေရန် အဆင်မပြေကြောင်း ရခိုင်ပြည်နယ် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက ရှင်းပြသည်။

“ဘတ်ဂျက်ပေါ့၊ ဘတ်ဂျက်ကတော့ ရသလောက်ပေါ့၊ တစ်နှစ်ထက်တစ်နှစ်တော့ တိုးလာတာပေါ့၊ နောက်တစ်ခုက လမ်းမပေါက်ဘူးပေါ့ဗျာ၊ နီးတယ် (သို့) မြစ်ကျော်ချောင်းကျော်တွေရှိတယ်။ ၁၀ မိုင် အတွင်းတော့ဖြစ်တယ်။ သို့သော် မြစ်တွေအကျယ်ကြီးတွေပေါ့နော်၊ အဲဒီအကန့်အသတ်တွေကြောင့် ၁၀ မိုင် အတွင်းမှာရှိပေမဲ့ လုပ်လို့မရဘူး” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့နှင့် (၃)မိုင်အကွာတွင်ရှိသည့် ချောင်းနွယ်မင်းဂံကျေးရွာမှာ မီးမရှိသေးသည့်အတွက် အလုပ်အဆင် မပြေမှုများကြောင့် အခက်အခဲများရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ချောင်းနွယ်မင်းဂံကျေးရွာမှ (နေ့စားအလုပ်)ကုန်စည်များကို အငှားထမ်းနေသည့် ဒေါ်မိုးနန်းစံက “ကျမတို့ ရွာမှာတော့ မီးမရသေးတော့ ထင်းတွေ၊ မီးသွေးတွေ ဈေးကြီးတယ်၊ အလုပ်ကလည်း ဝင်ငွေမကောင်းတော့ မီးရမှ အဆင်ပြေမယ်ပေါ့နော်၊ အတတ်နိုင်ဆုံး လုပ်ပေးစေချင်ပါတယ်။ သူများရွာတွေကရပြီး ကျမတို့ ရွာမှာတော့ မရသေးဘူး” ဟု ဆိုသည်။

၎င်းအပြင် လျှပ်စစ်မီးရရှိရေး ဓာတ်အားလိုင်းများ ပြေးဆွဲရာတွင်လည်း နယ်မြေလုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေးပေါ်တွင် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက ဆက်ပြောသည်။

“နောက် လုံခြုံရေးအခြေအနေပေါ့၊ နယ်မြေလုံခြုံရေး ကောင်းရင်လည်း လုပ်လို့ရမယ်။ နံပတ် ၃အချက်ကတော့ လမ်းပန်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုတာက ကျေးရွာချင်းဆက်လမ်း၊ လမ်းမပေါက်ရင် ကျနော်တို့ မီးရအောင်လုပ်လို့မရဘူး” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလအထိ ဂွ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောစသည့် (၈)မြို့နယ်မှ မြို့ပေါ်ရပ်ကွက် (၄၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၈၁)ရွာတွင် (၂၄)နာရီ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ခဲ့သည်။

၎င်းအပြင် ကမ်းထောင်းကြီးကဲ့သို့ မြို့အဖြစ်သတ်မှတ်ထားသည့် မြို့ (၂၆) မြို့မှ မအီ၊ ကမ်းထောင်းကြီး၊ တပ်တောင်၊ ဇင်ချောင်း၊ ကျိန္တလီ၊ စနဲတို့တွင် မြို့ပေါ်ရပ်ကွက် (၂၀)နှင့် ကျေးရွာပေါင်း (၄၆)ရွာ၊ အိမ်ထောင်စု ၁၁, ၄၅၁ တို့အား (၂၄)နာရီ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိခဲ့ကြောင်း ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးထံမှ သိရသည်။

ဗီဒီယိုများ