မြောက်ဦးမြို့၌ ကျောင်းသားများအပါအဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရ

မြောက်ဦးမြို့တွင် ဇွန်လ ၂၁ ရက်နေ့၊ ညနေပိုင်း မြန်မာစစ်တပ်မှ ထောက်လှန်းရေးအဖွဲ့ဝင် စ.ရ.ဖ သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးလိုက်ပြီးနောက် မနေ့ကညနှင့် ယနေ့ ဇွန်လ ၂၂ ရက်တို့တွင် ကျောင်းသားအပါအဝင် ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

22 Jun 2022

မြောက်ဦးမြို့အတွင်း ယနေ့ ဇွန်လ ၂၂ ရက် နံနက်က မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းနှင့် ကင်းလှည့်နေသည့်ပုံ။ (ဓါတ်ပုံ - CJ)

DMG ၊ ဇွန် ၂၂

မြောက်ဦးမြို့တွင် ဇွန်လ ၂၁ ရက်နေ့၊ ညနေပိုင်း မြန်မာစစ်တပ်မှ ထောက်လှန်းရေးအဖွဲ့ဝင် စ.ရ.ဖ သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးလိုက်ပြီးနောက် မနေ့ကညနှင့် ယနေ့ ဇွန်လ ၂၂ ရက်တို့တွင် ကျောင်းသားအပါအဝင် ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

စ.ရ.ဖ သုံးဦး ဖမ်းဆီးခံရပြီးနောက် မြန်မာစစ်တပ်သည် အလယ်ဈေးတံတား၊ နာရေးရုံးအနီးနှင့် အ.ထ.က (၁) ကျောင်း အနီးတို့တွင် နေရာယူစစ်ဆေးနေပြီး ဒေသခံများကို ဖမ်းခေါ်ကာ အချုပ်ကားပေါ်သို့ တင်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် မြောက်ဦးဒေသခံတစ်ဦးက DMG သို့ ပြောသည်။

“အလယ်ဈေးတံတားနားမှာ ကျောင်းလာတက်တဲ့ ကလေးသုံးယောက်အပြင် တစ်ခြားဈေးသွား၊ ဈေးလာတွေကိုလည်း ကားပေါ်တင်ခေါ်သွားတာတွေ့လိုက်တယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာကတော့ မခန့်မှန်းလိုက်ရဘူး။ အိမ်ပေါ်က လှမ်းမြင်လိုက်တာ။ ပြီးတော့ နာရေးရုံးနားမှာ စစ်တွေကို ကျောင်းသွားတက်ဖို့အတွက် ကားစောင့်နေတဲ့ ကောင်လေးတစ်ယောက်ကိုလည်း ဖမ်းသွားတယ်။ နောက်ပြီး မနက်ပိုင်းက အထက ကျောင်းနားမှာလည်း ကလေးတွေကိုခေါ်စစ်တာတွေ၊ လူတွေကိုလက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားတာတွေရှိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများမှာ စတင်ဖမ်းဆီးခံရသည့် နေရာများ၌မရှိတော့ဘဲ မည်သည့်နေရာများသို့ ယူဆောင်သွားသည်ကို မသိရတော့ကြောင်းလည်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

“အခုအဲဒီ လူတွေထဲက မဟာမုနိဘုရားမှာ ပန်းရံလုပ်နေတဲ့ မြောက်ဦးဒေသခံ တစ်ယောက်က ပြန်လွတ်လာတယ်။ တစ်ခြားသူတွေကတော့ မလွှတ်သေးဘူးလို့ သိရတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

ထိုသို့ ဖြစ်ပေါ်နေသောကြောင့် မြောက်ဦးမြို့တွင် စာသင်ကျောင်းအချို့ကို ပိတ်ထားကြပြီး မောင်သာကုန်း၊ ကျောက်တွင်းတုန်း၊ ဇင်ကလကုန်း စသည့်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများမှာလည်း မြို့ပေါ်သို့ ကျောင်းလာမတက်ရဲကြတော့ဟု သိရသည်။

“ မြို့ထဲမှာ အခြေအနေကတော့ တင်းမာနေတယ်။ ဈေးတွေက ပုံမှန်ဖွင့်ထားပေမယ့် မြို့သူ၊ မြို့သားတွေက အိမ်ထဲက အိမ်ပြင်မထွက်ကြတော့ ဈေးဝယ်သူနည်းတယ်။ နောက်ပြီး နယ်ဖက်ကလူတွေကလည်း ဈေးမလာကြဘူး။ ကျောင်းသားတွေဆိုလည်း ကြောက်ပြီး ပြန်လူပြန်၊ မိဘတွေပြန်ခေါ်တဲ့သူကခေါ်၊ နယ်ကကျောင်းသားတွေဆိုတော့ သတင်းကြားပြီး တစ်ယောက်မှမလာကြဘူး’’ ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ မြောက်ဦးမြို့၏အခြေအနေမာ လမ်းပေါ်၌လူသွားလူလာနည်းကာ တိတ်ဆိတ်နေပြီး မြန်မာစစ်သားများမှာလည်း  မြောက်ဦး-စစ်တွေ ပြေးဆွဲနေသည့်ကားများအား ငွေတောင်ပေါက်ဂိတ်တို့တွင် ဖြတ်သန်းသွား လာခွင့်မပြုဘဲ ပိတ်ပင်ထားကြောင်းလည်း သိရသည်။

အဆိုပါ ဖမ်းဆီးနေမှုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်ရာ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ