တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ရခိုင်ကမြို့နယ်နှစ်ခုတွင် ရွေးကောက်ပွဲမကျင်းပခြင်းကြောင့် လူဦးရေ နှစ်သိန်း နှစ်သောင်းကျော် မဲပေးခွင့်ဆုံးရှုံး

ရခိုင်ပြည်နယ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပေါက်တောနှင့် မောင်တောမြို့နယ်တို့တွင် ရွေးကောက်ပွဲ မကျင်းပသည့်အတွက် မဲဆန္ဒရှင်ဦးရေ ၂၂၅,၀၀၀ ကျော် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးကြောင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

By မင်းထွန်း 23 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပေါက်တောနှင့် မောင်တောမြို့နယ်တို့တွင် ရွေးကောက်ပွဲ မကျင်းပသည့်အတွက် မဲဆန္ဒရှင်ဦးရေ ၂၂၅,၀၀၀ ကျော် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးကြောင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးသူများတွင် ပေါက်တောမြို့နယ်မှ လူဦးရေ ၁၉၇,၀၀၀ ကျော်နှင့် မောင်တောမြို့နယ်တွင် ၂၈,၀၀၀ ကျော်ရှိနေပြီး ထိုမြို့နယ်များတွင် ယခုအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူကများက ပြောသည်။

“မောင်တောမှာတော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ရတယ်၊ ဒီမှာက အေးအေးဆေးဆေးပဲ။ ကျနော်ကတော့ အစက တခြားမြို့နယ်တွေမှာ မကျင်းပနိုင်ရင်တောင် မောင်တောမှာ ကျင်းပနိုင်မယ်ဆိုပြီး ထင်ခဲ့တယ်။ အရင် သုံးလလောက်က သက်ဆိုင်ရာကော်မရှင်ကမေးလို့ မောင်တောမြို့နယ်မှာ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ကျင်းပနိုင်တယ်လို့ ဖြေခဲ့တယ်” ဟု မောင်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က ပြောသည်။

ရခိုင်မှ မြို့နယ်ပေါင်း ကိုးမြို့နယ်နှင့် မြို့နယ်လေးမြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စုတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင် ပေါက်တောနှင့် မောင်တောမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း ကျန်သည့်မြို့နယ်ခုနှစ်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့နယ်များတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UEC ၏ယူဆချက်သည် လွဲမှားနေကြောင်း ANP ကိုယ်စားပြု၍ ပေါက်တောမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ထွီးက ဆိုသည်။

“ကျနော်တို့ ပေါက်တောမြို့နယ်ဟာ အခုဖြစ်နေတဲ့ စစ်ပွဲကိုထား၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ကတည်းကပင်ဖြစ်လာတဲ့ နှစ်ပေါင်း ၇၀ ကျော်တိုက်ပွဲထဲမှာ ပေါက်တောမှာ သေနတ်သံတစ်ချက်တောင် မကြားခဲ့ရဘူး။ ဆိုတော့ ဒီလောက်တည်ငြိမ်အေးချမ်းနေတဲ့ မြို့တစ်မြို့ကို ရွေးကောက်ပွဲမကျင်းပဆိုပြီး UEC က ဆုံးဖြတ်လိုက်တာဟာ တကယ့်လက်တွေ့မြေမြင်နဲ့ သူတို့ထင်မြင်ယူဆတဲ့ တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်လာဆိုပြီးယူဆချက်ဟာ အကုန်လုံး လွဲနေတယ်လို့ပြောချင်တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲမကျင်းပနိုင်ပနိုင်လျှင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ပိုများလာနိုင်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ စီမံကိန်းညှိနှိုင်းရေးမှူး ဦးအောင်နိုင်က သုံးသပ်ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲမလုပ်နိုင်တာနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာ နိုင်တယ်။ အစကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်။ ဒီအသံတွေကို လွှတ်တော်ထဲမှာ ကိုယ်စားလှယ်လောင်းတွေကပြောတဲ့ အခွင့်အရေးတွေလည်း ဆုံရှုံးသွားတယ်။ ပြည်သူတွေရဲ့ ပြောပိုင်ခွင့် တွေကို ဆုံရှုံးလိုက်ရတယ်ပေါ့။ ဆိုတော့ ဒီလိုမျိုးအခြေအနေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ပွဲအခြေ အနေက ပိုပြီးတော့ မြင့်လာမယ်လို့ထင်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ ရွေးကောက်ပွဲမကျင်းနိုင်ကြောင်း ကြေငြာထားသည့်နေရာများတွင် ပြည်သူများဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးခွင့်ရလျှင် ရွေးကောက်ပွဲများပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အောက်တိုဘာလ ၂၀ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ရခိုင်က ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်ကိုးခုမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ပြီး အဆိုပါ မဲဆန္ဒနယ် များတွင်နေထိုင်သည့် မဲဆန္ဒရှင် ၁၂ သိန်းကျော် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။

ဗီဒီယိုများ