အင်တာနက်ဖြတ်တောက်မှုအား ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အရေးယူခံရသူ ၅၀ ကျော်အထိရှိလာ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ်(၉)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားမှုအား ဆန့်ကျင် ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကြောင့် အမှုဖွင့်အရေးယူခံရသူ စုစုပေါင်း ၅၂ ဦးအထိရှိကြောင်း အသံအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

By အောင်ထိန် 02 Oct 2020



အောင်ထိန် | DMG
အောက်တိုဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ်(၉)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားမှုအား ဆန့်ကျင် ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကြောင့် အမှုဖွင့်အရေးယူခံရသူ စုစုပေါင်း ၅၂ ဦးအထိရှိကြောင်း အသံအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းအထဲတွင် ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂ ဦး၊ တရားရင်ဆိုင်နေရသူ ၂၉ ဦးနှင့် ဝရမ်းပြေးကြေငြာခံထားရသူ ၉ ဦးအပြင် ခံဝန်လက်မှတ်ရေးထိုးထားသူ ၂ ဦးရှိကြောင်း အသံအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

“ရွေးကောက်ပွဲနားနီးတဲ့အခါမှာ အာဏာပိုင်တွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်မှုတွေကို ပိုပြီးတော့ မျက်ဝါးထင်ထင်တွေ့လာရတယ်။ ဒီနေ့အချိန်မှာ လက်ရှိအာဏာပိုင်တွေအနေနဲ့ ဒီလိုချိုးဖောက် မှုတွေလုပ်နေပါတယ်ဆိုတာ သတင်းတွေပေးဖို့လိုအပ်တယ်။ ဒါကြောင့်မို့ထုတ်ပြန်ရတာဖြစ်တယ်” ဟု အသံ အဖွဲ့မှ သုတေသနတာဝန်ခံ ကိုရဲဝေဖြိုးအောင်က ပြောသည်။

ထို့အပြင် အင်တာနက်ပြန်ဖွင့်ပေးရေးတောင်းဆိုမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ပင် အမှုဖွင့် အရေးယူခံရသူ ၃၉ ဦးအထိရှိခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၁ ဦး၊ အာမခံဖြင့်တရားရင်ဆိုင်နေသူ ၇ ဦးနှင့် ဝရမ်းထုတ်ခံရသူ ၉ ဦး၊ ခံဝန်ထိုးထားသူ ၂ ဦးအပြင် အချုပ်နှင့်တရားရင်ဆိုင်နေသူ ၂၀ ဦးထိရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအား ငြိမ်းစုစီဥပဒေအပြင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စသည်ပုဒ်တို့နှင့်လည်း အမှုဖွင့် အရေးယူထားသည်။

“၅၀၅ (က) (ခ)၊ နောက်သဘာဝဘေးအန္တရာယ်ပုဒ်ဟာလည်း သူတို့လိုရာသုံးလိုရတဲ့ သားရေကွင်းလိုမျိုး ဥပဒေတွေဖြစ်နေတယ်။ သူတို့လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လိုရာသုံးနေတဲ့ဥပဒေတွေဖြစ်တယ်” ဟု ဗကသများ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

ရခိုပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ကြိုတင်အသိမပေးပဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ထပ်မံဖြတ်တောက် လိုက်သည်။

၂၀၂၀ ခုနှစ် မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပြန်သည်။

ယင်းနောက် ၂၀၂၀ သြဂုတ်လ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့် ပေးခဲ့သော်လည်း မြန်နှုန်းမြင့် 4G မဟုတ်ဘဲ 2G သာဖွင့်ပေးထားသည်။

အင်တာနက်ပြန်ပိတ်ပင်ခံထားရသည့်မြို့နယ်များအား ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် နိုင်ငံတကာသံရုံးများမှ တောင်းဆိုထားကြသည်။

ဗီဒီယိုများ