ရခိုင်တွင် တိုက်ပွဲနှစ်နှစ်ကျော်အတွင်း လယ်ဧက ခြောက်သောင်းကျော်မစိုက်ပျိုးနိုင်ခဲ့

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်တွင် မိုးစပါးစိုက်ပျိုးသည့် လယ်ဧက ဆယ်သိန်းကျော်ရှိသည့်အနက် လယ်ဧက ခြောက်သိန်းကျော်မှာ မစိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

07 Jun 2021

DMG ၊ ဇွန် ၇

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်တွင် မိုးစပါးစိုက်ပျိုးသည့် လယ်ဧက ဆယ်သိန်းကျော်ရှိသည့်အနက် လယ်ဧက ခြောက်သိန်းကျော်မှာ မစိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ယင်းကဲ့သို့ မစိုက်ပျိုးနိုင်ခဲ့သည်မှာ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခြင်းနှင့် လယ်ကွင်းများအနီး မြန်မာစစ်တပ်မှ တပ်စွဲထားခြင်းကြောင့်ဟု မစိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားများက ပြောသည်။

လယ်ဧက ခြောက်သောင်းကျော်မစိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့် ရခိုင်ပြည်တွင် ဆန်စပါးထုတ်လုပ်မှုမှာ ကျဆင်းသွားပြီး လက်ထဲတွင်ကျန်ရှိနေသည့် စပါးက ဈေးကောင်းရရှိနေကာ ဆန်ဈေးများမှာ မြင့်တက်နေကြောင်း ရခိုင်ပြည်နယ်ဆန်စပါးအသင်းချုပ် (ရခိုင်ပြည်နယ်အသင်းခွဲ)၏ ဥက္ကဌ ဦးရွှေထွန်းအောင်က ပြောသည်။

“ရွှေဘိုပေါ်ဆန်းမွှေးက ဈေးကောင်းရပါတယ်။ ရခိုင်မှာစိုက်တာပေါ့နော်။ ၂၀၂၀ မှာတော့ ရွှေဘိုပေါ်ဆန်းမွှေးက တင်းတစ်ရာကို ခုနှစ်သိန်း၊ ရှစ်သိန်းလောက်ပဲ ရှိတယ်။ ၂၀၂၁ ကျတော့ ကိုးသိန်းခွဲ၊ ကိုးသိန်းလောက်ဖြစ်သွားတယ်။ မနှစ်ကဈေးနဲ့ ဒီနှစ်ဈေးက စပါးဈေးမြင့်တယ်လို့ ပြောလို့ရပါတယ်။ ” ဟု ပြောသည်။

လက်ရှိတွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို လေးသောင်းကျပ်၊ ဆန်ကြမ်းတစ်အိတ်ကို သုံးသောင်းခုနှစ်ထောင်ကျပ် အစားစားရှိပြီး ယခင်နှစ်များထက် ငွေကျပ်လေးထောင် ဈေးတက်သွားကြောင်း ဆန်းရောင်းဝယ်သူများဆီက သိရသည်။

ရခိုင်တွင် စပါးထုတ်လုပ်မှုကျဆင်းသွားသည့်အတွက် ပြည်မကလာနေသည့် ဆန်များကို ဈေးကြီးပေးပြီး ဝယ်ယူစားသုံးနေရကြောင်း စစ်တွေမြို့မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

“ကိုယ့်ရခိုင်က ထွက်တဲ့ ဆန်တွေပဲ စားသုံးချင်တာ၊ ဒါပေမယ့် စပါးမစိုက်ပျိုးနိုင်တဲ့ မြို့နယ်တွေများတဲ့အခါကျတော့ မလောက်ငှဘူးဖြစ်နေတယ်။ အခု ပြည်မကလာတဲ့ ဆန်တွေကို ဈေးကြီးပေးပြီး စားသုံးနေရတယ်” ဟု ပြောသည်။

သို့သော်လည်း ရခိုင်ပြည်က ဆန်စပါးရောင်းဝယ်သူများမှာ ယခင်နှစ်များက ဆန်ဈေးကောင်းမရရှိ၍ ရန်ကုန်နှင့်မြောင်းမြတို့ကို တင်ပို့ခဲ့ကြပြီး လက်ရှိတွင် ရခိုင်ပြည်အတွင်း ဆန်ဈေးကောင်းရနေ၍ ပြည်မဘက်သို့ မတင်ပို့တော့ဘဲ ရခိုင်ပြည်မှာပဲ ရောင်းနေကြကြောင်း ရခိုင်ပြည်နယ်ဆန်စပါးအသင်းအချုပ် (ရခိုင်ပြည်နယ်အသင်းခွဲ)၏ ဥက္ကဌ ဦးရွှေထွန်းအောင်က ဆိုသည်။

ရခိုင်ပြည်တွင် ဆန်စပါးထုတ်လုပ်မှုအများဆုံးမှာ မြောက်ပိုင်းဒေသဖြစ်ပြီး တိုက်ပွဲများနှင့် လယ်ကွင်းများအနီး မြန်မာစစ်တပ်မှ တပ်စွဲထားသောကြောင့် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် လယ်ဧက ခြောက်သောင်းကျော် မိုးစပါးမစိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းဒေသက တောင်သူအများစုမှာ စစ်ဘေးရှောင်များဖြစ်သွားကြပြီး နေရပ်သို့ မပြန်နိုင်ကြသည့်အတွက် ယခုနှစ်တွင်လည်း လယ်ယာမြေကို ထွန်ယက်စိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ တောင်သူ ဦးမောင်အေးလှက ပြောသည်။  

“ဦးလေးတို့က ကျောက်တော်မှာ ဒုက္ခသည်အဖြစ်နဲ့ နေရတယ်ဆိုတော့ ဘယ်လယ်ကိုထွန်ပြီး ဘယ်စပါးကို စိုက်ပျိုးလို့ရမှာလဲ၊ မိမိဒေသကို ပြန်ရောက်နိုင်မှပဲ စပါးပျိုးလို့ရမှာပါ” ဟု ပြောသည်။

စစ်ဘေးရှောင်ဖြစ်နေကြသည့် တောင်းသူများ၏ လယ်ယာမြေအားလုံး မစိုက်ပျိုးနိုင်ပါက ရခိုင်ပြည်တွင် ဆန်စပါးထုတ်လုပ်မှု ဆက်လက်ကျဆင်းနေမည်ဖြစ်ပြီး လက်ရှိထဲတွင် ကျန်ရှိနေကြသည့် ဆန်စပါးများသာ ကုန်သွားပါက ပြည်မဘက်ကလာသည့် ဆန်ကိုအဓိကထား စားသုံးရမည်ဖြစ်သည့်အတွက် ဆန်ဈေးက ယခုထက်မက ပိုမိုမြင့်မားလာနိုင်ကြောင်း ဆန်စပါးစီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

စစ်ဘေးရှောင်တောင်သူများ၏ လယ်ယာမြေအားလုံး ထွန်ယက်စိုက်ပျိုးနိုင်အောင် ရခိုင်ပြည်နယ်ဆန်စပါးအသင်းအချုပ်အနေဖြင့် ရခိုင်ပြည်နယ်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းပြီး ယင်းကရလာသည့် ဆွေးနွေးမှုရလဒ်များနှင့် တောင်သူများကို အကူညီပေးသွားမည်ဟု သိရသည်။

စစ်ဘေးရှောင်တောင်သူများမှာ ၎င်းတို့၏ လယ်ယာမြေများကို ကောင်းမွန်စွာ ထွန်ယက်စိုက်ပျိုးနိုင်ဖို့ဆိုလျှင် ကျေးရွာအနီးမှာ တိုက်ပွဲမဖြစ်ပွားဖို့နှင့် လယ်ကွင်းများအနီး မြန်မာစစ်တပ်မှ တပ်စွဲထားခြင်းကို အမြန်ဆုံးဖယ်ရှားပေးရန်လိုအပ်ကြောင်း ပြောဆိုနေကြသည်။

ဗီဒီယိုများ