ရခိုင်က ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးထားသော လူဦးရေ ၉၀၀၀၀ ကျော်ကို ဒုတိယအကြိမ်ထိုးသွားမည်

ရခိုင်ပြည်နယ်တွင် တရုတ်မှလှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ဆေးထိုးထားသူ လူဦးရေ ၉၀၀၀၀ ကျော်ကို ဒုတိယအကြိမ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG ကိုပြောသည်။

20 Aug 2021

DMG ၊ သြဂုတ် ၂၀

ရခိုင်ပြည်နယ်တွင် တရုတ်မှလှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ဆေးထိုးထားသူ လူဦးရေ ၉၀၀၀၀ ကျော်ကို ဒုတိယအကြိမ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG ကိုပြောသည်။

အဆိုပါကာကွယ်ဆေးများကို ကိုဗစ်တတိယလှိုင်းအတွင်း ပထမအကြိမ်ကာကွယ်ဆေးထိုးသူများအား ထိုးပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ကာကွယ်ဆေးမရောက်သေးကြောင်း ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

“ဒုတိယအကြိမ်ကာကွယ်ဆေးကို ဒီလ ၂၆ ရက်နေ့ကစပြီးတော့ ထိုးဖို့အတွက်မှန်းထားတယ်။ ထိုးမှာက ပထမတစ်ကြိမ်ထိုးထားတဲ့သူတွေကို ထိုးမှာပါ။ ပထမအကြိမ်ထိုးထားတဲ့သူတွေက ကိုးသောင်းလေးထောင်ကျော်ရှိတယ်။ လောလောဆယ်ကတော့ ကာကွယ်ဆေးကမရောက်သေးဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ Covid-19 ကာကွယ်ဆေးထိုးထားသူ ၁၁၀၀၀၀ ကျော်ထိရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကာကွယ်ဆေးများမှာ အိန္ဒိယနိုင်ငံမှလှူဒါန်းထားသည့် ကိုဗစ်ကာကွယ်ဆေး(COVIDSHIELD)နှင့် တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် ကာကွယ်ဆေးများဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

ထိုကာကွယ်ဆေးထိုးထားသူများထဲတွင် ပျမ်းမျှစာရင်းအရ လက်ရှိတွင် ရောဂါပိုးတွေ့ရှိသူ ၄ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူအရေအတွက်မှာ စစ်တွေတွင်(၉၁)ဦး၊ မောင်တော(၁၈)ဦး၊ သံတွဲ(၃၂)ဦး၊ တောင်ကုတ် (၆၄)ဦး၊ ဘူးသီးတောင်(၅)ဦး၊ ကျောက်တော်(၁၈)ဦး၊ မင်းပြား(၁၁)ဦး၊ ဂွ(၁၆)ဦး၊ ကျောက်ဖြူ(၃၃)ဦး၊ ရမ်းဗြဲ(၇)ဦး၊ ပုဏ္ဏားကျွန်း(၉)ဦး၊ ပေါက်တော(၁၁)ဦး၊ အမ်း(၁၁)ဦး၊ မြောက်ဦး(၁၄)ဦး၊ ရသေ့တောင်(၇)ဦးနှင့် မာန်အောင်(၁၁)ဦးတို့ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း၌ သေဆုံးသူအရေအတွက်မှာ သြဂုတ်လ ၁၉ ရက်နေ့အထိ ၃၅၈ ဦးရှိလာပြီး ပိုးတွေ့ရှိသူစုစုပေါင်း ၃၇၁၇ ဦးအထိရှိကြောင်း သိရသည်။

ဗီဒီယိုများ