AA အတွက် ရိက္ခာသိုလှောင်ထားသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင်နှင့် ရက်ပေါင်း ၁၀ ကျော် ကြာသည့်တိုင် မိသားစုမှ တွေ့ခွင့်မရသေး

AA အတွက် ရိက္ခာသိုလောင်ထားသည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးအား တပ်မတော်ကဖမ်းဆီးသွားပြီးနောက် ရက်ပေါင်း ၁၀ ကျော်ကြာသည်တိုင် မိသားစုမှ တွေ့ခွင့်မရရှိသေးကြောင်း သိရသည်။

By အောင်ထိန် 14 Sep 2020

အောင်ထိန် | DMG
စက်တင်ဘာ ၁၄ ၊ ပုဏ္ဏားကျွန်း

AA အတွက် ရိက္ခာသိုလောင်ထားသည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးအား တပ်မတော်ကဖမ်းဆီးသွားပြီးနောက် ရက်ပေါင်း ၁၀ ကျော်ကြာသည်တိုင် မိသားစုမှ တွေ့ခွင့်မရရှိသေးကြောင်း သိရသည်။

ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း(၄၈)နှစ်၏ ဆန်စက်ရုံအတွင်း ဆန်အိတ်များတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် တပ်မတော်က သြဂုတ်လ ၃၁ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

ယင်းနောက် ဦးရဲကျော်ထွန်းအား တပ်မတော်က တစ်ရက်ကျော်ကြာ စစ်ဆေးမေးမြန်ပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

စစ်တွေမြို့အမှတ်(၁)ရဲစခန်း၌ ထိန်းသိမ်းခံထားရစဉ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ဆေးမေးမြန်းစရာ ကျန်ရှိသေးသည်ဟုဆိုကာ တပ်မတော်မှ ပြန်လည်ခေါ်ဆောင်သွားပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ယင်းသို့ ဦးရဲကျော်ထွန်း၏ သတင်းအချက်အလက်များကို ကြားသိနေရသော်လည်း ဖမ်းဆီးခံရသည့်နေ့မှ ယနေ့အချိန်ထိ လူချင်းတွေ့ခွင့်မရရှိသေးကြောင်း သမီးဖြစ်သူ မစုလှိုင်ဦးက ပြောသည်။

“ကျွန်မ ဖေဖေနဲ့တွေ့ခွင့်ရချင်တယ်။ တွေ့ခွင့်မရတောင်မှ ဖုန်းနဲ့ပဲဖြစ်ဖြစ်စကားပြောချင်တယ်။ ကျန်းမာရေး တွေတော့ ကောင်းတယ်လို့သိရတယ်။ အတတ်နိုင်ဆုံးတော့ ဖေဖေနဲ့တွေ့ချင်တယ်။ စကားပြောချင်တယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဦးရဲကျော်ထွန်း၏နေအိမ်၌ အေအေအဖွဲ့ရိက္ခာအတွက် သိုလှောင် ထားသည့် ဆန်အိတ် ၈၀ အားသိမ်းဆည်းရမိခဲ့သည်ဟု စက်တင်ဘာလ ၁ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး မိသားစုဝင် များက ယင်းကိစ္စမှာ စွပ်စွဲချက်သာဖြစ်ကြောင်း ငြင်းဆိုထားသည်။

လက်ရှိမှာ ဦးရဲကျော်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)ဖြင့် အမှုဖွင့်လှစ်ထားကာ လာမည့် စက်တက်ဘာလ ၁၇ ရက်နေ့တွင် ရုံးထုတ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့် လာနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဗီဒီယိုများ