ရခိုင်က အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၆၀ ကျော် မလွတ်မြောက်ဘဲ ကျန်နေသေး

ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ အချို့ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခြင်းများရှိသော်လည်း မလွတ်မြောက်သေးသူ ၁၆၀ ကျော်အထိ ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ၏စာရင်းကိုကောက်ယူထားသည့် အဖွဲ့အစည်းများ၏ မှတ်တမ်းအရသိရသည်။

17 Sep 2021

DMG ၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ အချို့ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခြင်းများရှိသော်လည်း မလွတ်မြောက်သေးသူ ၁၆၀ ကျော်အထိ ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ၏စာရင်းကိုကောက်ယူထားသည့် အဖွဲ့အစည်းများ၏ မှတ်တမ်းအရသိရသည်။

ယခု စက်တင်ဘာလအတွင်းမှာ အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူထဲမှ ကျောက်ဖြူအကျဉ်းထောင်မှ ၆ ဦး၊ စစ်တွေအကျဉ်းထောင်မှ ၁၀ ဦးနှင့် မြောက်ဦးခရိုင်တရားရုံးမှ ၁၆ ဦး စုစုပေါင်းလူဦးရေ ၃၀ ကျော်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့သည်။

ယခင် NLD အစိုးရလက်ထပ်က ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ထားခြင်းကို စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ယင်းနောက် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမှုတစ်ချို့ကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးမှုများရှိလာခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ရခိုင်မှာ အကြမ်းဖက်မှုနှင့်တရားစွဲဆိုခံထားရသူများထဲမှ အသက် ၁၈ နှစ်အောက်ကလေးသူငယ်အမှု ၁၇ မှုကို စစ်ကောင်စီကပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

သို့သော် AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် လူအစုလိုက်ဖမ်းဆီးချုပ်နှောင်ခံထားရသော ရခိုင်ပြည်အတွင်းက ထင်ရှားမှုအမှုများကို ရုပ်သိမ်းပေးခြင်းမရှိသေးပေ။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲဆိုခံထားရသူများအားလုံးကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်းပြောသည်။

“ရခိုင်ပြည်မှာက ဆူပူမှုတွေလည်းမရှိဘူး။ လက်ရှိအိမ်စောင့်အစိုးရနဲ့လည်း အေအေတို့ကြားမှာပြေလည်မှုတွေဖြစ်နေပြီလို့ပြောလို့ရတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ယုံကြည်မှုဖြစ်အောင် သံသယနဲ့ဖမ်းဆီးထားတဲ့ လူငယ်တွေ၊ ပုဂ္ဂိုလ်အားလုံးကို လွှတ်ပေးသင့်တယ်လို့မြင်တယ်” ဟု ဦးကျော်လွင်ကပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က စစ်တွေခရိုင်တရားရုံးတွင်စွဲဆိုခံထားရသည့် အကြမ်းဖက်မှုအားလုံးကို စာရင်းပြုစုတင်ပြထားပြီး ယင်းစာရင်းများအရ အဆင့်ဆင့်အမှုရုပ်သိမ်းခွင့်ပေးမှုများရှိကြောင်း ပြောသည်။

“ကျွန်တော်တို့လေ့လာသိရှိရသလောက်ဆိုရင်တော့ သက်ဆိုင်ရာ တရားစွဲဆိုတဲ့အဖွဲ့အစည်းတွေက အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီးတော့ ဒီအကြမ်းဖက်အမှုတွေအပေါ်မှာ ဘယ်အမှုကိုတော့ ပထမဦးစားပေးအနေနဲ့ ရုပ်သိမ်းပေးသင့်တယ်။ ဘယ်အမှုကိုတော့ ဒုတိယဦးစားပေး၊ ဘယ်အမှုကိုတော့ တတိယဦးစားပေးအဲလိုမျိုးစီပြီးတော့ အမှုကိုတင်ပြပြီးတော့ခွင့်ပြုပေးတယ်လို့ ကျွန်တော်တို့သိရှိရပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်ကပြောသည်။

ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့်အမှုများထဲမှ ထင်ရှားသည့်အမှုများမှာ လက္ကာကျေးရွာသား ၂၀ ကျော်ကို ဖမ်းဆီးခံရခြင်းနှင့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးတို့ ဖမ်းဆီးခံရသည့် အမှုများပါဝင်သည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်ကို ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ တို့ဖြင့် တရားရင်တိုသည်မှာ လက်ရှိတွင် ၃ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာလည်း ၂၀၂၀ ဧပြီလအတွင်းကဖမ်းဆီးခံခဲ့ရပြီး တပ်မတော်ရေယာဉ်ပေါ်တွင်ညှမ်းပမ်းနှိပ်စက်ခံခဲ့ရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားရင်ဆိုင်နေရသည်မှာ ၁ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

သံသယဖြင့်ဖမ်းဆီးပြီး နှစ်ရှည်ကြာချုပ်နှောင်ထားခြင်းမှာ စွပ်စွဲခံရသူများအပြင် မိသားစုဝင်များအတွက်ပါ လူအခွင့်အရေးချိုးဖောက်မှုမြောက်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

“တစ်ချို့လူတွေဆိုရင် ထောင်ထဲမှာ တစ်နှစ်ကျော်၊ နှစ်နှစ်ကျော်၊သုံးနှစ်လောက်တောင်ရှိနေပြီ။ ဒီလူတွေမှာ မိသားစုတွေစားဝတ်နေရေး အခက်အခဲရှိကြတယ်။ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေဟာ စစ်ဘေးရှောင်စခန်းတွေကိုမှီခိုနေရတယ်။ ဆိုတော့ လူတစ်ဦးတစ်ယောက်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုမဟုတ်ဘူး။ မိသားစုတစ်ခုလုံးရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်နေတယ်” ဟု ဦးမြတ်ထွန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာကာလအတွင်း အေအေနှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ