မင်းပြားမြို့နယ်မှ တိုက်ပွဲအတွင်းပိတ်မိနေသည့် ပြည်သူသုံးထောင်ကျော်အရေးကို နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်သူများထံ တင်ပြသွားမည်

“တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်တဲ့အတွက် သွားခွင့်မပေးနိုင်ဘူးဆိုပြီး အထက်ကပြောတယ်လို့ ပြောပါတယ်။ ပြည်သူတစ်ယောက်ရဲ့အခွင့်အရေး၊ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရှိတယ်ဆိုပြီး ဖွဲ့စည်းပုံမှာ အတိအလင်း ပြဋ္ဌာန်းထားပါလျက် အခုလို ပြည်သူတွေကို သွားလာခွင့်မပြုတာဟာ လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ ပြောလို့ရပါတယ်” 

By နေဝင်းစံ 07 Aug 2019

နေဝင်းစံ | DMG

သြဂုတ် ၇ ၊ စစ်တွေ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းအတွင်း တောင်တန်းများတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အနီး ပတ်ဝန်းကျင် ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူ သုံးထောင်ကျော်မှာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးရန် အားထုတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဒေသခံများမှာ မင်းပြားမြို့ဘက်သို့ သြဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကြောက်လန့်ထွက်ပြေး လာကြသော်လည်း လမ်းခုလတ်ရှိ လက်ခုတ်ကျေးရွာအရောက်တွင် တပ်မတော်သားများမှ တားဆီးပြီး နေရပ်သို့ပြန်လွှတ်ခဲ့ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

တပ်မတော်သားများမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပြောသကဲ့သို့ ထွက်ပြေးလာသည့် ဒေသခံများကို တားမြစ်မှုများမရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆို သော်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ အဆိုပါကျေးရွာများသို့ သွားရောက်မည်ကိုလည်း တပ်မတော်ဘက်မှ တိုက်ပွဲကြောင့်ဟုအကြောင်းပြကာ သွားခွင့်မပေးခဲ့ပေ။

သြဂုတ်လ ၆ ရက်နေ့နှင့် ၇ ရက် နေ့တို့တွင် သံဃာတော် ၄ ပါးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့မှ တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ဒေသခံများထံ သွားရောက်ခဲ့သော်လည်း လက်ခုတ်ကျေးရွာအရောက်တွင်ပင် တိုက်ပွဲဖြစ်ပွားနေသည့်နေရာဟုဆိုကာ တပ်မတော်မှ သွားခွင့်မပေးသဖြင့် လှည့်ပြန်ခဲ့ရသည်ဟု ဆိုသည်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်တဲ့အတွက် သွားခွင့်မပေးနိုင်ဘူးဆိုပြီး အထက်ကပြောတယ်လို့ ပြောပါတယ်။ ပြည်သူတစ်ယောက်ရဲ့အခွင့်အရေး၊ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရှိတယ်ဆိုပြီး ဖွဲ့စည်းပုံမှာ အတိအလင်း ပြဋ္ဌာန်းထားပါလျက် အခုလို ပြည်သူတွေကို သွားလာခွင့်မပြုတာဟာ လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးလှသိန်းအောင်က ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ဒေသခံပြည်သူ သုံးထောင်ကျော်အရေးနှင့်ပတ်သက်ပြီး လာမည့် သြဂုတ်လ ၉ ရက်နေ့တွင် မင်းပြားမြို့၌ မြို့လုံးကျွတ်အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က လက်ရှိ ပိတ်မိနေသည့် ဒေသခံများ အတွက် စိုးရိမ်မိကြောင်းပြောသည်။

“ကျနော်တို့ကိုယ်စားလှယ်တွေ၊ သံဃာတွေကို တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ အသက်ကိုစိုးရိမ်ရလို့ သွားခွင့်မပြုဘူးဆိုရင် အဲဒီအထဲမှာပိတ်မိတ်နေတဲ့ လူဦးရေ သုံးထောင်ကျော်ရဲ့ အသက်တွေဟာ စိုးရိမ်စရာမရှိဘူးလားဆိုပြီးတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” ဟု ဦးလှသိန်းအောင်က ပြောသည်။

မင်းပြားမြို့နယ်အတွင်းမှ စေတီရံ၊ ငတက်၊ ကျော်မော်၊ ဖုံသာပုလဲတောင်၊ အိုးပုံတောင်၊ ပြိုင်းချောင်း၊ ငန်းတက်၊ ခွဆုံ၊ နတ်မော်၊ မောင်ပုတ်ကေ၊ ညောင်ခြုံ၊ ကျောက်ဆုံ၊ စိတ္တရ၊ လက်ခုတ် စသည့် ကျေးရွာများမှ ဒေသခံ သုံးထောင်ကျော်မှာ တိုက်ပွဲကြားတွင် ပိတ်မိနေသည်မှာ ၄ ရက်မျှရှိနေပြီဖြစ်သည်။

 

ဗီဒီယိုများ