ပြည်မဘက်မှ ဝယ်ယူမှုများသောကြောင့် ရခိုင်ဒေသထွက် ကမာကောင်များ ဈေးကောင်းရ

ရခိုင်ပြည်အတွင်းမှ မြို့နယ်အချို့တွင် မွေးမြူထုတ်လုပ်နေကြသည့် ကမာကောင်များကို ပြည်မဘက်မှ ဝယ်ယူမှုများလာသောကြောင့် ဈေးကောင်းရရှိနေသည်ဟု ကမာကောင်မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။

02 Aug 2022

ကမာမွေးမြူရေးလုပ်ငန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-DMG

DMG ၊ သြဂုတ် ၂

ရခိုင်ပြည်အတွင်းမှ မြို့နယ်အချို့တွင် မွေးမြူထုတ်လုပ်နေကြသည့် ကမာကောင်များကို ပြည်မဘက်မှ ဝယ်ယူမှုများလာသောကြောင့် ဈေးကောင်းရရှိနေသည်ဟု ကမာကောင်မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ကမာတစ်ကောင်၏ပေါက်ဈေးမှာ ၉၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိရှိနေပြီး ဈေးကောင်းရရှိနေသည်ဟု ကျောက်ဖြူမြို့နယ်မှ ကမာမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်အေးကပြောသည်။

“အခုက ကမာတစ်ကောင်ရဲ့ဈေးနှုန်းက ၉၀၀ ရာကနေ ၁၅၀၀ အထိရှိတယ်။ ဒါတွေက ရန်ကုန်ဘက်ကနေ ဝယ်ယူတဲ့သူတွေကို ရောင်းချတဲ့ဈေးနှုန်းဖြစ်တယ်။ ကမာမွေးတဲ့လုပ်ငန်းက အောင်မြင်မှုတွေရလာတယ်။ မိသားစုစားဝတ်နေရေးအတွက်လည်း အဆင်ပြေလာတယ်”ဟု သူကဆိုသည်။

ရခိုင်ပြည်အတွင်းကထွက်ရှိသည့် ကမာကောင်များကို ရန်ကုန်၊မန္တလေး၊ လားရှိုး၊ မူဆယ်၊ မြဝတီ စသည့် ပြည်မဘက်မှ မှာယူခြင်းများရှိသော်လည်း ကိုဗစ်ရောဂါနှင့် အာဏာသိမ်းမှုနောက်ပိုင်းတွင် ကမာကောင်များကို ပြည်မမှဝယ်ယူမှု နည်းပါးခဲ့သည်။

ယင်းအချိန်က ကမာတစ်ကောင်လျှင် ဈေးနှုန်း(၇၀၀)ကျပ်အထိ ကျဆင်းခဲ့ပြီး ကမာလုပ်ငန်းများ ထိခိုက်မှုများရှိခဲ့သော်လည်း လက်ရှိတွင် ပြည်မဘက်မှ ကမာကောင်ဝယ်ယူမှု ပြန်လည်များပြားလာသည့်အတွက် ဈေးကောင်းရလာခြင်းဖြစ်သည်ဟု ကမာမွေးမြူရေးလုပ်ငန်းရှင်များကဆိုသည်။

ကမာမွေးမြူရေးလုပ်ငန်းမှာ ရေမြေသဘာဝအတိုင်း မွေးမြူရပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် မွေးမြူရန်အတွက်အဆင်ပြေသော်လည်း ကမာသားပေါက်ကောင်ရှာသည့်အပိုင်းတွင် အခက်အခဲကြုံရကြောင်း အမ်းမြို့နယ်မှ ကမာမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ကိုခင်မောင်ဌေးကပြောသည်။

"ကမာ အကောင်ရေ ၅၀၀၀ လောက် မွေးမြူဖို့အတွက် အရင်းအနှီးက သိန်း(၁၀)လောက်ကုန်ကျမယ်။ အစာကတော့ မလိုဘူး။ သဘာဝအတိုင်းမွေးရတာဆိုတော့ မွေးမြူသူတွေအတွက် အဆင်ပြေတယ်။ ဒါပေမယ့် သားပေါက်ရှာရတဲ့အပိုင်းမှာ အများမွေးမြူဖို့အတွက် အဆင်မပြေဘူး။ အခု ကမာသားပေါက်ကောင်တွကို ဒီရေတောတွေမှာလိုက်လံရှာဖွေပြီး မွေးမြူကြရတဲ့အတွက် သားပေါက်ကောင်တွေကိုရှာရတဲ့အပိုင်းမှာ အခက်အခဲကြုံရတယ်။ သားပေါက်ထုတ်လုပ်တဲ့ နည်းစနစ်သာရှိမယ်ဆိုရင် ကမာမွေးမြူရေးလုပ်ကိုင်သူတွေအနေနဲ့ ပိုပြီးအဆင်ပြေမှာဖြစ်တယ်”ဟု သူကပြောဆိုသည်။

ရခိုင်တွင် ကမာသားပေါက်တစ်ကောင်ကို ငွေ(၂၀၀)ကျပ်နှင့်ဝယ်ယူရပြီး ကမာကောင်များကို တစ်နှစ်နှင့်ရှစ်လကြာ မွေးမြူမှသာ ရောင်း၍ရသည့်အနေအထားကို ရောက်ရှိကြောင်းနှင့် ကမာကောင်အရေအတွက် ပို၍မွေးမြူနိုင်လျှင် အမြတ်ပိုထွက်နိုင်ကြောင်း ကမာမွေးမြူရေးလုပ်ငန်းရှင်များက ဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ရခိုင်ပြည်အတွင်းက ကျောက်ဖြူနှင့် ဂွမြို့နယ်တို့တွင် ကမာမွေးမြူရေးလုပ်ကွက်ပေါင်း ၁၅၀၀၀ ရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်အတွင်း ကမာမွေးမြူရေးလုပ်ကွက်ပေါင်း ၃၀၀၀၀ ကျော်အထိ တိုးချဲ့လုပ်ကိုင်လာနေသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ