စစ်ကောင်စီအတွက် ဩစတြေးလျ အနာဂတ်ရံပုံငွေ (Future Fund) မှ ရင်နှီးမြှုပ်နှံမှု အများဆုံးဖြစ်နေ

စစ်ကောင်စီအတွက် ရင်နှီးမြုပ်နှံမှုများတွင် သြစတြေးလျ နိုင်ငံအနာဂတ်ရံပုံငွေ - Future Fund မှ အများဆုံးဖြစ်နေကြောင်း Justice For Myanmar အဖွဲ့မှ ယနေ့ နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ဖော်လိုက်သည်။

29 Nov 2021

DMG ၊ နိုဝင်ဘာ ၂၉

စစ်ကောင်စီအတွက် ရင်နှီးမြုပ်နှံမှုများတွင် သြစတြေးလျ နိုင်ငံအနာဂတ်ရံပုံငွေ - Future Fund မှ အများဆုံးဖြစ်နေကြောင်း Justice For Myanmar အဖွဲ့မှ ယနေ့ နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ဖော်လိုက်သည်။

မြန်မာ-သြစတြေးလျ ဓနရန်ပုံငွေဖြစ်သည့် အနာဂတ်ရံပုံငွေ- Future Fund သည် မြန်မာစစ်ကောင်စီ တိုက်ရိုက်ဆက်နွယ်နေသည့် အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ၁၄ ခုတွင် ဩစတြေးလျဒေါ်လာ ၁၅၇.၉ သန်းအထိ တန်ဖိုးရှိသော ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း သတင်းအချက်အလက်လွတ်လပ်ခွင့်အရ အဆိုပြုမေးမြန်းချက် (Freedom of Information request) အပါအဝင် သုတေသနလေ့လာချက်များအရ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Justice For Myanmar အဖွဲ့မှ ဆိုသည်။

ထိုကုမ္ပဏီများမှ ၆ ခုသည် စစ်ကောင်စီအတွက် စစ်လက်နက်ကုန်သွယ်ရေးတွင် ဆက်နွယ်နေပြီး အခြားသော ကုမ္ပဏီများသည် အိမ်ခြံမြေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် အဖျော်ယမကာလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်တပ်အား ငွေကြေးထောက်ပံ့နိုင်ရန် အခွန်ဝင်ငွေနှင့် လက်နက်ပစ္စည်းများနှင့် ပက်သက်သည့် အရင်းအမြစ်များကို ထောက်ပံ့ပေးနေကြောင်း အဆိုပါအဖွဲ့မှ ထောက်ပြထားသည်။

သြစတြေးလျနိုင်ငံ Future Fund အဖွဲ့အနေဖြင့် စစ်ကောင်စီအပေါ် ထောက်ပံ့မှုများကို ရပ်တန့်ပေးဖို့တောင်းဆိုကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

"ဩစတြေးလျနိုင်ငံရဲ့ Future Fund အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ကုမ္ပဏီတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေအတွက် ငွေကြေးထောက်ပံ့နေတဲ့ ကုမ္ပဏီတွေဆီကနေ အကျိုးအမြတ်ရှာဖွေနေတာကတော့ စိတ်ပျက် ဝမ်းနည်းစရာပါပဲ။ မြန်မာစစ်တပ်အတွက် တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ရေဒါတွေ ထောက်ပံ့ပေးသွင်းနေပြီး၊ စစ်ရာဇဝတ်ကောင်တွေအတွက် သန်းပေါင်းများစွာသော ရံပုံငွေတွေကို အဲဒီကုမ္ပဏီတွေကနေတဆင့် ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပါတယ်။ ဩစတြေးလျအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေနဲ့ မြန်မာ့အနာဂတ်ကို အထိခိုက်ခံပြီး အကျိုးအမြတ် ရရှိနေမှုတွေကို ရပ်တန့်ဖို့ အချိန်တန်ပါပြီ” ဟု မရတနာမောင်က ပြောသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် မြန်မာစစ်တပ်ပိုင်ဆိုင်ကာ လုပ်ကိုင်လည်ပတ်နေသည့် ဦးပိုင်ကုမ္ပဏီကြီး နှစ်ခု မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (ဦးပိုင်) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့မှ မြန်မာစစ်တပ်အတွက် ရက်စက်ကြမ်းကြုပ်သည့် စစ်ရာဇဝတ်မှုများ ကျုးလွန်မှုအတွက် ငွေကြေးထောက်ပံ့ရန်နှင့် ၎င်းတို့၏ အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းနိုင်ရန် အလွန်များပြားလှသည့် ငွေကြေးရင်းမြစ်များ ထောက်ပံ့ပေးနေမှုကြောင့် မြန်မာစစ်တပ်နှင့် ပက်သက်သည့် စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဆက်နွယ်မှုများကို ဖြတ်တောက်ရန် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအား အပါအဝင် မြန်မာနိုင်ငံသို့ လက်နက်လွှဲပြောင်းနေမှုများကို ရပ်တန့်ရန် တောင်းဆိုကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်က ဆိုသည်။

သြစတြေးလျ အစိုးရအနေဖြင့် နိုင်ငံအခွန်ထမ်းပြည်သူများမှ ရရှိသောငွေကြေးများကို မြန်မာစစ်တပ်အတွက် အသုံးပြုနေမှုအပေါ် အမြန်ဆုံးရပ်ဆိုင်းသင့်ကြောင်း၂၀၀၇ ရွှေဝါရောင်သံဃာ့ ကွန်ရက်အဖွဲ့ဝင် ကိုညီညီလွင်(ဦးဂမ္ဗီရ)မှ ထောက်ပြသည်။

"သြစတြေးလျအစိုးရဟာ မြန်မာစစ်တပ်နဲ့ပတ်သက်ပြီး မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လုပ်နေတာ ကြာပါပြီ။ အခုမှမဟုတ်ပါဘူး။ ပြောရရင် သြစတြေးလျအစိုးရဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးထက် ကိုယ်ကျိုးစီးပွားကိုပဲ ဦးစားပေးတတ်တာကို တွေ့တွေ့နေရပါတယ်။ ဒါဟာ မဖြစ်သင့်ဘူးပေါ့။ ဒီထက်ပြောရရင် ဒီငွေတွေဟာ သြစတြေးလျအခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတွေ ဖြစ်ပါတယ်။ ဒီလိုအခွန်ထမ်းငွေတွေကို စစ်အာဏာရှင်စနစ်တစ်ရပ်က အကြမ်းဖက်သတ်ဖြတ်ဖို့ ထောက်ပံ့နေတာကို အမြန်ဆုံး လုံးဝရပ်ဆိုင်းလိုက်သင့်ပါတယ်။" ဟု ကိုညီညီလွင်(ဦးဂမ္ဗီရ) က ပြောသည်။

စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းစုကြီးများနှင့် စီးပွားရေးလုပ်ဆောင်လျက်ရှိသည့် ကုမ္ပဏီများ၊ မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချလျက်ရှိသည့် ကုမ္ပဏီများထံတွင် ထည့်ဝင်ထားသည့် ရင်းနှီးမြှုပ်နှံမှုများအား ချက်ချင်းရုပ်သိမ်းထွက်ခွာရန်၊ စီးပွားရေးလုပ်ငန်းများနှင့် အထင်ကရ စီးပွားရေးမိတ်ဖက်များအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်ရေး အတွက် အားပေးထောက်ခံမှုများပေးရန် ဩစတြေးလျနိုင်ငံအစိုးရအား Justice For Myanmar အဖွဲ့မှ တောင်းဆိုထားသည်။

ဗီဒီယိုများ