အမ်းတွင် မဲရုံမှူးများနှင့် USDP တို့ ပယ်မဲ ဟုတ်/မဟုတ် အငြင်းပွားမှု ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ လုံးကောက်အုပ်စု မဲရုံအမှတ် ၆ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် မဲရုံမှူးတို့ ယနေ့ နေ့လည် ၃ နာရီခွဲအချိန်ခန့်က ပယ်မဲ ဟုတ်/မဟုတ် အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်း အမ်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူများထံမှ သိရသည်။ 

By မင်းထွန်း 08 Nov 2020



မင်းထွန်း  | DMG
နိုဝင်ဘာ ၈၊အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ လုံးကောက်အုပ်စု မဲရုံအမှတ် ၆ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် မဲရုံမှူးတို့ ယနေ့ နေ့လည် ၃ နာရီခွဲအချိန်ခန့်က ပယ်မဲ ဟုတ်/မဟုတ် အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်း အမ်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါမဲရုံတွင် မဲရုံမှူးမှ ပယ်မဲလုပ်ထားသည့် ကြိုတင်မဲ ၂၀ ကို ပြည်၊ခိုင်၊ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးမှ ကန့်ကွက်သည့်အတွက် အဆိုပါ ကြိုတင်မဲများကို ထောက်ခံမဲများအဖြစ် လုပ်ဆောင်ပေးလိုက်ရသည်ကို တွေ့ရှိရကြောင်း  စောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ခံ ဒေါ်အေးအေးနိုင် ကဆိုသည်။

“မဲရုံမှူးက ပယ်မဲလုပ်ထားတဲ့ ကြိုတင်မဲ ၂၀ ကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတစ်ဦးက ထောက်ခံမဲဆိုပြီး လုပ်ခိုင်းတာပေါ့။ အဲဒါကို မဲရုံမှူးးက ထောက်ခံမဲလုပ်ပေးလိုက်ရတယ်။ ဖြစ်တာက ကြိုတင်မဲကို ဖောက်တယ်။ ကြိုတင်မဲမှာ တံဆိပ်ရိုက်ပြီး ခေါက်လိုက်တဲ့အခါမှာ နောက်တစ်ဖက်မှာ မှင်တွေအားလုံး စွန်းနေတာ။ ကျမအမြင်ကျတော့ အဲဒါက ထောက်ခံမဲလည်းလုပ်လို့ရသလို ပယ်မဲလည်း လုပ်လို့ရတယ်လေ ဒါပေမယ့် မဲရုံမှူးနဲ့ ဆိုင်တာကိုး” ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဉာဏ်မြင့်ရီက “ကျမမြင်တာက အဲဒီတံဆိပ်တုံးကို နှစ်ကြိမ်ရိုက်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ မဲရုံမှူးတွေကလည်း ဘက်မလိုက်ဘူး၊ ကော်မရှင်ကိုလှမ်းပြောတာ တွေ့ရတယ်။ ကော်မရှင်ကလည်း သူတို့ကိုယ်တိုင် ဆုံးဖြတ်ပါလို့ အဲလိုပြောတယ်” ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ မဲရုံမှူးများအနေဖြင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်တို့၏ မဲစာအုပ်ကို မဲရုံမှူးတို့က မှားယွင်းစွာ လုပ်ဆောင်မိသွားခြင်းသာဖြစ်ကြောင်း အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောသည်။

ထို့အပြင် အမ်းမြောက်အုပ်စုမှ မဲရုံ အမှတ်(၄) တွင် အရပ်ဝတ်အင်္ကျီဖြင့် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် တစ်ဦးက ကျေးရွာ ၄ ရွာခန့်မှ မဲဆန္ဒရှင်အချို့ကို အဆိုပါမဲရုံသို့ ကားဖြင့် ကြို၊ပို့ လုပ်ဆောင်နေ‌သည်ကို‌ တွေ့ရ‌ကြောင်း အမ်းမြို့နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

“ကျမကတော့ တရားမျှတမှုရှိတယ်လို့ မမြင်ဘူး။ တပ်မဲရုံတွေမှာ ပေးနေကြတဲ့ မဲတွေဆိုရင်လည်း ပူးကပ်ပြီးတော့ မဲပေးနေကြ‌တာပေ့ါ၊ ပြီးလို့ရှိရင် မဲပေးနေတဲ့အချိန်မှာ သူတို့ရဲ့ တပ်ကကားတွေနဲ့ လာပို့တဲ့သူတွေထဲမှာ အရပ်ဝတ်တွေနဲ့ တပ်ရင်းဗိုလ်ကြီးတွေပါတယ်။ သူတို့တွေက ဘေးနားက စောင့်နေကြတော့ တပ်ကမဲဆန္ဒရှင်‌တွေ တခြားပါတီတွေကို မဲမပေးရဲတော့ဘူးပေါ့ ” ဟု ဒေါ်အေးအေးနိုင်က ပြောသည်။

အမ်းမြို့နယ်မှ ရွေးကောက်ပွဲကျင်းပနိုင်သည့် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုတို့တွင် မဲရုံ စုစုပေါင်း ၂၆ ရုံနှင့် မဲဆန္ဒရှင်ဦးရေ ( ၂၂၉၄၅) ဦးရှိသည်။

အဆိုပါမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ ANP၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီALD၊ ရခိုင့်ဦးဆောင်ပါတီ AFP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP၊ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ဗီဒီယိုများ