ရခိုင်တွင် ပယ်မဲနှင့် ပျောက်မဲအရေအတွက် လေးသောင်းကျော်ရှိခဲ့

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ပယ်မဲနှင့်ပျောက်မဲ အရေအတွက်စုစုပေါင်း လေးသောင်းနှစ်ထောင်ကျော်ရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

22 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၂၁၊စစ်တွေ

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ပယ်မဲနှင့်ပျောက်မဲ အရေအတွက်စုစုပေါင်း လေးသောင်းနှစ်ထောင်ကျော်ရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ပယ်မဲအရေအတွက် (၄၁၁၉၁) မဲနှင့် ပျောက်မဲအရေအတွက် (၁၅၆၉) မဲ စုစုပေါင်း (၄၂၇၆၀) ရှိခဲ့ခြင်းဖြစ်သည်။ ယင်းအထဲတွင် ပြည်သူ့လွှတ်တော်၌ ပယ်မဲအရေအတွက် (၁၅၆၂၅) မဲနှင့် ပျောက်မဲ (၅၈၀)၊ အမျိုးသားလွှတ်တော်တွင် ပယ်မဲ (၁၃၂၂၇) နှင့် ပျောက်မဲ (၇၂၁) ရှိခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် ပယ်မဲအရေအတွက် (၁၂၃၃၉) မဲနှင့် ပျောက်မဲ (၂၆၈) ရှိခဲ့ခြင်းဖြစ်သည်။

“ ပယ်မဲဖြစ်ရတာ သတ်မှတ်တဲ့ပုံစံအတိုင်း၊ ဘယ်သူ့ကို မဲပေးခဲ့မှန်းမသိဘူး။ ဟိုသူ့ကိုပေးသလို၊ ဒီလူကိုပေးသလိုဖြစ်တဲ့အရာတွေရှိတယ်။ ပြီးရင် နှစ်ခါမဲပေးလိုက်တာတွေရှိတယ်။ အဲဒါတွေက ပယ်မဲဖြစ်သွားတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

ပျောက်မဲနှင့်ပတ်သက်၍လည်း “ မဲတွေ ပျောက်တယ်ဆိုတာကလည်း ဥပမာ- မဲဆန္ဒရှင်တစ်ရာ လာပေးတယ်ဆိုပါတော့။ မဲရေတွက်လိုက်တဲ့အချိန်မှာ ၉၃ မဲတွေ့တယ်ဆိုရင် ၃ မဲပျောက်သွားတာမျိုးပေါ့။ အဓိကတော့ မဲပေးတဲ့သူတွေက မဲလက်မှတ်တွေထိုးတယ်။ ပြီးရင် မဲဘူးထဲကို မထည့်ဘဲ ကိုယ့်အိတ်ထဲထည့်သွားတဲ့ သူတွေရှိတယ်ပေါ့နော်။ အဲတာတွေကြောင့် ပျောက်တာပါ” ဟု ဦးသူရိန်ထွဋ်က ရှင်းပြသည်။

ယခုကဲ့သို့ ပယ်မဲ၊ ပျောက်မဲများ ဖြစ်သွားရခြင်းမှာ ကိုဗစ်ကာလတွင် မဲဆန္ဒရှင်များအား မဲပေးရမည့်အသိပညာပေးမှု အားနည်းခဲ့မှုကြောင့် ၅၀ ရာခိုင်နှုန်းခန့် ပါဝင်သည်ဟု ၎င်းကပြောသည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီများက တောင်းဆိုခဲ့ခြင်းများရှိခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပခွင့်ရသည့် မြို့နယ်များမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ လေးသိန်းလေးသောင်းကျော်ရှိခဲ့အထဲတွင် လာရောက် မဲပေးသူဦးရေ ၆၈.၈၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဗီဒီယိုများ