တိုက်ပွဲလျော့ကျနေချိန် ပလက်ဝ - ကျောက်တော် ရေကြောင်းလမ်းကိုဖွင့်ပေးရန် ဒေသခံများလိုလား

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယခုကာလ တိုက်ပွဲဖြစ်ပွားမှုများ လျော့ကျလာနေချိန်အတွင်း ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို သွားလာခွင့်ပေးရန် ဒေသခံများက လိုလားနေကြသည်။ 

22 Nov 2020

မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၂၂ ၊ ပလက်ဝ

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယခုကာလ တိုက်ပွဲဖြစ်ပွားမှုများ လျော့ကျလာနေချိန်အတွင်း ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို သွားလာခွင့်ပေးရန် ဒေသခံများက လိုလားနေကြသည်။

ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တိုက်ပွဲများကြောင့် သွားလာရေးအဆင်မပြေသည့်အတွက် ကုန်ဈေးနှုန်းများမှာ ယခင်ကထက် ၃ ဆကျော် ၄ ဆခန့် မြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် လက်ရှိ တိုက်ပွဲများ ငြိမ်သက်နေချိန်တွင် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့သွားသည့် ရေလမ်းခရီးအား သွာလာနိုင်ပါက ကုန်ဈေးနှုန်းများမှာ ယခုထက် လျော့ကျလာမည်ဖြစ်ကြောင်း ပလက်ဝဒေသခံ ဦးမောင်မောင်က ပြောသည်။

“လောလောဆယ် တိုက်ပွဲတွေ မရှိသလောက် ဖြစ်နေပြီဆိုပေမယ့်လည်း လမ်းတွေက ဖြတ်သွားကြတာတော့ မရှိသေးဘူး။ အဖမ်းအဆီးတွေကို စိုးရိမ်နေကြတုန်း။ ကျနော်တို့က ရခိုင်ဖက်က စစ်တွေ၊ ကျောက်တော်ကို အားကိုးပြီးနေနေရတာလေ။ ကျန်းမာရေးက အစပေါ့နော်။ အဲဒါကြောင့်ရေလမ်းကို ဖွင့်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

ပလက်ဝ - ကျောက်တော် ရေလမ်းခရီးတလျှောက်တွင် ယခင်က တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏရှိပြီး ခရီးသွားများမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးမှုကို ခံရသည့်အတွက် စိုးရိမ်ကြောက်လန့်ပြီး မသွားရဲကြခြင်း ဖြစ်သည်။
အဆိုပါရေလမ်းခရီးကို လုံခြုံရေးအခြေအနေအရ ပိတ်ထားသည်ဟု သိရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

လက်ရှိမှာ ပလက်ဝမြို့သို့ ပခုက္ကူ၊ စမီး တို့ဖက်မှ ဆန်အိတ်များ တင်သွင်းပြီးနောက် ယခင်က တစ်သိန်းသုံးသောင်းကျပ် ရှိသည့် ဆန်တစ်အိတ်မှာ ကိုးသောင်းဝန်းကျင်အထိသို့ လျော့ကျသွားကြောင်း ပလက်ဝမြို့မှ မြို့မိမြို့ဖ ဦးစိန်ထွန်းလှက ပြောသည်။

အကယ်၍ ပလက်ဝ - ကျောက်တော် ရေလမ်းကြောင်းကိုသာ သွားခွင့်ပေးမည်ဆိုပါက ဆန်တစ်အိတ်ကို လေးသောင်းခန့်အထိ ဈေးနှုန်းလျော့ဆင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုတော့ ပခုက္ကူ၊ စမီးတို့ဖက်က ဆန်တွေ ဆက်တိုက်ဝင်နေပါတယ်။ အဲဒါကြောင့် ကုန်ဈေးနှုန်းတွေ ဈေးကျနေတယ်ပေါ့နော်။ ဒေသခံတွေအနေနဲ့ စားသောက်နိုင်တယ်။ ဒါပေမဲ့လည်း ကျောက်တော်လမ်းကို ဖွင့်ပေးရင်တော့ မရှိဆင်းရဲသားတွေအတွက်လည်း အဆင်ပြေသွားမယ်” ဟု ဦးစိန်ထွန်းလှက ဆိုသည်။

ပလက်ဝ - ကျောက်တော် ရေလမ်းကြောင်းကို ဖွင့်ပေးရန်အတွက် ပလက်ဝမြို့မှ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့ပူးပေါင်းပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ထံ ပြီးခဲ့သည့် အောက်တိုဘာလက နှုတ်ဖြင့် တင်ပြခဲ့ကြသော်လည်း တစ်စုံတရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း သိရသည်။

ပလက်ဝ - စစ်တွေကို ရေယာဉ်ပြေးဆွဲကာ အသက်မွေးဝမ်းကျောင်းပြုနေသည့် ကိုမင်းအောင်က “အဲဒီလမ်းကိုသာ ဖွင့်ပေးမယ်ဆိုရင် ကုန်စည်စီးဆင်းမှုတွေလည်း မြန်သွားမယ်။ စက်လှေပိုင်ရှင်၊ ဘုတ်ပိုင်ရှင်တွေလည်း အကုန်လုံးအဆင်ပြေသွားမယ်။ အဲဒီလမ်းကိုအားကိုးပြီး လုပ်ကိုင်စားသောက်နေသူတွေဟာ လက်ရှိအချိန်ထိ အလုပ်အကိုင်လည်း မရှိကြဘူး။ အပြင်သွားပြီး အလုပ်လုပ်ဖို့အတွက်လည်း အဆင်မပြေဘူးလေ”ဟု ၎င်းကပြောသည်။

ပလက်ဝ - ကျောက်တော် ရေလမ်းခရီးကို ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအနေဖြင့် ဖွင့်ပေးချင်သော်လည်း လက်ရှိတွင် နှစ်ဖက်လက်နက်ကိုင်များ၏ ပဋိပက္ခအပေါ်မှုတည်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက် ကပြောသည်။

“ပလက်ဝဖက်မှာတော့ ရွေးကောက်ပွဲ နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်တာ မရှိဘူးခင်ဗျ။ ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ကျောက်တော် ပလက်ဝရေလမ်းခရီးကို ဖွင့်ပေးစေချင်တယ်။ ဒါပေမဲ့ အခုက တိုက်ပွဲတွေ မဖြစ်ဘူးဆိုပေမဲ့လည်း မပြီးဆုံးသေးဘူးလေ။ ငြိမ်းချမ်းရေးရသွားတာလည်း မဟုတ်ဘူး။ လုံခြုံရေး အခြေနေအရလည်း ပိတ်ထားတယ်လို့တော့ သိထားရပါတယ်” ဟု ၎င်းက ပြောသည်။

ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ဒေသတခုလည်းဖြစ်သည်။

ရခိုင်ပြည်အတွင်း ပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်နေမှုမျာကိုရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းတာလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် တပ်မတော် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တပ်မတော်ဘက်လည်း ထိုထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုများ လျော့နည်းလာခြင်း ဖြစ်သည်။

ဗီဒီယိုများ