ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ ထောက်ပံ့မည်

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသော အမျိုးသမီးများအတွက် ကျောင်းသား လူငယ်များဖွဲ့စည်းထားသည့် Pad Donation Myanmar လူမှုအကျိုးပြုပရဟိတ အဖွဲ့အစည်းမှ အမျိုးသမီး လစဉ်သုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

02 Jan 2021



ခင်သရဖီဦး | DMG
ဇန်နဝါရီ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသော အမျိုးသမီးများအတွက် ကျောင်းသား လူငယ်များဖွဲ့စည်းထားသည့် Pad Donation Myanmar လူမှုအကျိုးပြုပရဟိတ အဖွဲ့အစည်းမှ အမျိုးသမီး လစဉ်သုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ရခိုင်စစ်ဘေးရှောင်အမျိုးသမီးများသည် လစဉ်သုံးပစ္စည်းများလိုအပ်ချက် အခက်အခဲများ ကြုံတွေ့နေရသည့်ကို ကြားသိရသည့်အတွက် Facebook လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အလှူခံခြင်း ပြုလုပ်နေကြောင်း Pad Donation Myanmar လူမှုအကျိုးပြု ပရဟိတအဖွဲ့အစည်းများမှ အဖွဲ့ဝင် မနန်းသင်းမြတ်စုအောင်က ပြောသည်။

“ဒါကမသန့်စင်တဲ့အရာတွေကို သုံးမိလိုရှိရင် ပိုးတွေဘာတွေ ဝင်သွားနိုင်တယ်။ နောက်တစ်ခုက သူတို့စားသုံး ရမယ်ပိုက်ဆံတွေနဲ့ ဝယ်နေရတာမျိုးတွေရှိတယ်လို့လည်း ကြားတယ်ပေါ့နော်။ အဲဒီလိုကြားရတဲ့အတွက် စိတ်မကောင်းတာကြောင့် အခုလိုမျိုးလုပ်ရတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

Pad Donation Myanmar အနေဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဇန်နဝါရီလ ဒုတိယပတ် လောက်တွင် လှူဒါန်းနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးများအနေဖြင့်လည်း တစ်ခါတရံ လှူဒါန်းပေးမှုရှိသော်လည်း ပစ္စည်းပြတ်လပ် ချိန်တွင် ဈေးကြီးသည့်အတွက် အခက်အခဲများရှိကြောင်း စစ်ဘေးရှောင်အမျိုးသမီးများက ဆိုကြသည်။

ရသေ့တောင်မြို့နယ် အလိုတော်ပြည့် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် မမြအေးသန်းက “အခုကတော့ လာပေးတာမရှိဘူး၊ ဈေးကဝယ်သုံးရတယ်။ ပိုက်ဆံပြတ်တော့ မသုံးနိုင်တဲ့အခါလည်းရှိတယ်” ဟု ဆိုသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ အထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော်ရှိပြီး ယင်းအထဲတွင် အမျိုးသမီး ၆၀ ရာခိုင်နှုန်းပါဝင်နေကြောင်း သိရသည်။

Pad Donation Myanmar မှ တစ်ဆင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ဝယ်ယူလှူဒါန်းရန် ငွေကြေးထောက်ပံ့ လိုပါက ဖော်ပြပါလင့်ခ်တွင် ဆက်သွယ်နိုင်သည်။

ဗီဒီယိုများ