တပ်မတော်ကဖမ်းဆီသွားသော တောင်ကုတ်ဒေသခံ ၃ ဦးအနက် ၂ ဦး ပြန်လည်လွတ်မြောက်

တပ်မတော်ကဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ် ပဒါကျေးရွာမှ ဒေသခံ ၃ ဦးအနက် ၂ ဦးမှာ အောက်တိုဘာ ၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။

By အောင်ကောင်းဇော် 06 Oct 2020

အောင်ကောင်းဇော် | DMG
အောက်တိုဘာ ၆ ၊ တောင်ကုတ်

တပ်မတော်ကဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ်၊ ပဒါကျေးရွာမှ ဒေသခံ ၃ ဦးအနက် ၂ ဦးမှာ အောက်တိုဘာ ၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါကျေးရွာသို့ အောက်တိုဘာ ၁ ရက်နေ့က တပ်မတော်သားများ ဝင်ရောက်လာပြီး ကိုမင်းချမ်းမွန် (၂၄)နှစ်၊ ကိုအောင်နိုင်သူ (၁၈)နှစ်နှင့် ကိုညီမောင်ချေ(၃၂)နှစ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွာပြီး အောက်တိုဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့အတွင်းမှာ ကိုမင်းချမ်းမွန်နှင့် ကိုအောင်နိုင်သူတို့နှစ်ဦးမှာ ပြန်လည်လွတ်မြောက် လာခြင်းဖြစ်သည်။

“ကျနော်က ကျန်းမာရေးလည်း သိပ်မကောင်းတော့ ပြန်လွှတ်ပေးလိုက်တယ်။ စစ်ဆေးတဲ့အခါ ရိုက်နှက်ခံရတော့ အခု အသက်ရှူလို့ အဆင်မပြေဖြစ်ပြီးတော့ ခေါင်းတွေမူးလို့ တောင်ကုတ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုမင်းချမ်းမွန်က ပြောသည်။

ကျန်ရှိသည့် ကိုညီမောင်ချေသည် AA အတွက် ရိက္ခာနှင့် ငွေကြေးများ ကောက်ခံပေးနေသူတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည)/၅၂(က)ဖြင့် အမှုဖွင့်ကာ အမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း အောက်တိုဘာ ၆ ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“အေအေနဲ့ မပတ်သက်ဘူးဆိုတာကို တစ်ရွာလုံးအသိပါ၊ ကျမတို့မိသားစုက တစ်နေ့ငါးရှာမှ တစ်နေ့စားနေရတာပါ၊ သူ့ကို ပြန်လွှတ်ပေးကြပါ။ သူဝန်ခံတယ်ဆိုတာလည်း အရိုက်ခံရလို့ဖြစ်မယ်” ဟု ကိုညီမောင်ချေ၏ ဇနီးဖြစ်သူ ဒေါ်ရီရီသိန်းက ပြောသည်။

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြရာ လက်နက်ကြီး၊ လက်နက်ငယ်ကျရောက်မှုများကြောင့် ဒေသခံများ နေ့စဉ်နှင့်အမျှ ထိခိုက်ဒဏ်ရာရရှိနေကြသည်။

ထို့အပြင် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသည့်အပြင် အချို့ဒေသ များတွင် ဖမ်းဆီးခံရပြီးနောက် ယနေ့အချိန်ထိ သတင်းအစန မရရှိသေးသူများလည်း ရှိနေသည်။

ဗီဒီယိုများ