AA ကို ရန်ပုံငွေကောက်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံ နှစ်ဦးကို မနက်ဖြန် ရုံးထုတ်မည်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA -AA) အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင် (၄၁) နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်ဦးတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။

22 Jun 2022

ဓာတ်ပုံ - DMG

DMG ၊ ဇွန် ၂၂

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA -AA) အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင် (၄၁) နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်ဦးတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။

အဆိုပါ စွပ်စွဲခံရသူ နှစ်ဦးမှာ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက် ရွှေဥထမင်းဆိုင်အ နီးတွင် ကျောက်ဖြူအခြေစိုက် ခလရ (၃၄ ) တပ်ရင်းက စစ်သားများက ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ကို ကျောက်ဖြူအခြေစိုက် မြန်မာစစ်တပ် တပ်ရင်းတစ်ခုမှ ဗိုလ်ရဲသက်ဇော်က တရားလိုပြုလုပ်ထားကာ ပုဒ်မ ၅၀၅ - က ဖြင့် ကျောက်ဖြူမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေရေးရာ ကုစားရေးရုံး (ကျောက် ဖြူ) တာဝန်ရှိသူ ရှေ့နေထံမှ သိရသည်။

ဒေါ်ခင်အုန်းနွဲ့၏ သားဖြစ်သူ မောင်းစိုးမာန်က “ ကျနော့် အမေက နဂိုကျန်းမာရေး မကောင်းတော့ ဆေးသော က်နေရတဲ့ သူဖြစ်တယ်။ စွပ်စွဲခံရတာဖြစ်တဲ့ အတွက် အမေအမြန်ဆုံးလွတ်လာပြီး မိသားစုလေး စုံစုံလင်လင် နေရဖို့ မျှော် လင့်မိ တယ် ” ဟု DMG သို့ ပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည် ဇွန်လ ၁၀ ရက်နေ့က စတင်တရားစွဲကာ မနက်ဖန် ဇွန်လ ၂၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကာ လက်ရှိတွင် ကျောက်ဖြူအကျဉ်းထောင်ချုပ်တွင် ထားရှိကြောင်းလည်း သိရသည်။

အလားတူ တရားရင်ဆိုင်နေရသည့် ဦးသန်းလှိုင်မှာလည်း ဆိုင်ကယ်မတော်တဆမှုကြောင့် ဒဏ်ရာရခဲ့ဖူးကာ ထိုအထဲမှ မိသားစု စားဝတ်နေရေးအတွက် ရှာဖွေကျွေးမွေးနေရသူ ဖြစ်သောကြောင့် အမြန်ဆုံးလွတ်မြောက်ဖို့ မျှော်လင့်မိကြောင်းလည်း ဦးသန်းလှိုင်၏ ဇနီးဖြစ်သူ မချိုချိုသိန်းက ဆိုသည်။

“ကျမတို့ စားဝတ်နေရေး အဆင်ပြေဖို့အတွက် သူက ဆိုင်ကယ်တိုက်ထားတဲ့ ဒဏ်ရာဟောင်းနဲ့ကြားက ရှာဖွေကျွေးမွေးနေရတာ။ အခု သမီးလေးကလည်း ဒီနှစ် ဆယ်တန်းတက်နေပြီး သမီးလေးရဲ့ ကျူရှင်လခ၊ အိမ်ငှားလခတွေကို ဖြေရှင်းဖို့ ကျမမှာ အခက်အခဲတွေနဲ့ ဖြစ်နေရတယ်၊။ ဒါကြောင့် သူ့ကို အမြန်ဆုံး လွတ်မြောက်ဖို့ မျှော်လင့်မိပါတယ် ” ဟု မချိုချိုသိန်းမှ ပြောသည်။

၎င်းတို့ ၂ ဦးကို စွဲဆိုထားသည့် ၅၀၅-(က) ပုဒ်မမှာ တပ်မတော်သားများ သို့မဟုတ် အစိုးရဝန်ထမ်းများကို တာဝန်ထမ်းဆောင်နေစဉ် ၎င်းတို့၏ စိတ်ဓာတ်ခွန်အား ကျင့်ဝတ်စည်းကမ်း ကျန်းမားရေးသို့မဟုတ် ဆောင်ရွက်ချက်များကို ဟန့်တားနှောက်ယှက်ခြင်း၊ ၎င်းတို့၏ ဆောင်ရွက်မှုကို မုန်းတီးလာစေရန်နှင့် စိတ်ဓာတ်ကို ယိမ်းယိုင်ပျက်ပြားစေရန် လုပ်ဆောင်လျင် ရာဇဝတ်မှုပြစ်မှုမြောက်ကြောင်း ဆိုထားသည်။ အဆိုပါ အမှုတွင် ပြစ်မှုထင်ရှားလျင် ထောင်ဒဏ် ၂ ထိ ချမှတ်နိုင်ကြောင်း ယင်းပုဒ်မ ဥပဒေတွင် ဖော်ပြထားသည်။

လက်ရှိ ရခိုင်ပြည်တွင် မြန်မာစစ်တပ်ဖက် မှ အရပ်သားပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပိုမိုပြုလုပ်လာနေပြီး ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ကလည်း ကျောက်တော်မြို့မှ ဒေသခံများအပါအဝင် တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း၊ ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှ ဒေသခံ ရ ဦးထက်မနည်းနှင့် ယနေ့တွင် မြောက်ဦးမြို့နယ်မှ ကျောင်သားများအပါအဝင် ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်ဖက် မှ ဖမ်းဆီးထားကြောင်းလည်း သိရသည်။

ထို့အတူ AA ဘက်ကလည်း ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းတို့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများကို လိုက်လံဖမ်းဆီးမှုများ ရှိနေသည်။

ရခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့ကြား ပြီးခဲ့သည့် ဇွန်လ လဆန်းပိုင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်ကြား စစ်ရေးတင်မာမှုများရှိနေပြီး အချိန်မရွေး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်းကို ပြည်သူများ စစ်ရေးသတိရှိရန် AA ဖက်မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ