ကျောင်းသား ၁၃၀၀ ကျော် ပညာသင်ကြားနေသော ပုလဲရတနာဘကကျောင်းတွင် အလှူရှင်များ လိုအပ်နေဆဲ

ရခိုင်ပြည်၊ သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသား ၁၃၀၀ ကျော်အတွက် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

23 Jun 2021

DMG ၊ ဇွန် ၂၃

ရခိုင်ပြည်၊ သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသား ၁၃၀၀ ကျော်အတွက် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ကျောင်းသားများ၏ စားသောက်ရေး၊ နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းလိုအပ်ချက်များအပြင် စာသင်ခန်းမလုံလောက်သည့် အခက်အခဲများလည်းရှိနေကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူများက ပြောသည်။

ပုလဲရတနာ(ဘက)ကျောင်းတွင် နှစ်စဉ်ကျောင်းသားဦးရေတိုးလာနေကာ ရခိုင်ပြည်၊ မြို့နယ်အသီးသီးမှ ငွေကြေးအခက်အခဲကြောင့် ကျောင်းတက်ရန်ခက်ခဲနေသည့် ကျောင်းသူ၊ကျောင်းသားများနှင့် စစ်ဘေးရှောင် နေရသည့် ကျောင်းသူ၊ ကျောင်းသားများလည်း တက်ရောက်သင်ကြားလျက် ရှိကြသည်။

ယခုနှစ်တွင် ကျောင်းသား ၁၆၀၀ ခန့် လက်ခံသင်ကြားပေးရန်မျှော်မှန်းခဲ့သော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းသား ၁၃၀၀ ကျော်ကိုသာ လက်ခံသင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဘကကျောင်းမှ ကျောင်းသားများ စားသောက်ရေးကို တစ်ဖက်တစ်လှမ်းက အကူအညီပေးနိုင်ရန် သံတွဲမြို့နယ်လူငယ်များမှ စုပေါင်းကာ အပတ်စဉ်စနေနေ့တိုင်း မြို့ပတ်လှည့်လည်ပြီး အလှူခံထွက်သည့် အစီအစဉ်ကို ယခုလမှစတင်ဆောင်ရွက်လျက်ရှိသည်။

ပုလဲရတနာ(ဘက)ကျောင်းအတွက် အလှူခံရာတွင် ပါဝင်သည့် ဒေါ်မိမိခိုင်က “ကျွန်မတို့ တနင်္ဂနွေနဲ့အပတ်တိုင်း အလှူခံပါတယ်။ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ ဆား အပါအဝင် ငွေကြေးလှူဒါန်းရင်လည်း လိုအပ်တဲ့အရာတွေ ဝယ်ပြီး ကျောင်းကိုပို့ပေးကြပါတယ်” ဟု ပြောသည်။

အဆိုပါကျောင်း၌ ကျောင်းသား ၁၃၀၀ ကျော်ရှိသည့်အနက် ကျောင်းသား ရ၀၀ ကျော်မှာ ကျောင်းအိပ် ကျောင်းစားနေထိုင်ကြသဖြင့် တစ်နေ့လျှင် ဆန် ရ အိတ်ခန့် ကုန်ကျမှုရှိကြောင်း သိရသည်။

ယင်းအပြင် ကျောင်းတွင် ဆရာ၊ ဆရာမစုစုပေါင်း ၄၀ ဦးရှိကာ ပြင်ပမှ ဆရာ၊ ဆရာမတစ်ဦးစီအား တစ်လလျှင်ငွေကျပ်လေးသိန်းဖြင့် ငှားရမ်းထားရသဖြင့် ကျောင်းသားများစားစရိတ်နှင့် ဆရာ၊ ဆရာမငှားရမ်းခမှာ တစ်လကုန်ကျငွေစုစုပေါင်း သိန်း ၁၀၀ ကျော်ရှိကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးအကျပ်အတည်းများနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုများကြောင့် ပြည်သူများ စီးပွားရေးထိခိုက်မှုရှိခဲ့သဖြင့် ပုလဲရတနာ(ဘက)ကျောင်းမှ ကျောင်းသားမိဘများနှင့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုမှာလည်း ယခင်နှစ်များထက် အားနည်းခဲ့ကြောင်း သိရသည်။

ငွေကြေးအခက်အခဲကြောင့် စနဲမြို့မှနေ၍ ပုလဲရတနာ(ဘက)ကျောင်းတွင် လာရောက်ပညာသင်ကြားနေသည့် ကျောင်းသူ မင်္သီထက်က “အပြင်မှာ တစ်နှစ်ကျောင်းတက်မယ်ဆိုရင် အနည်းဆုံး ကျောင်းစရိတ် သိန်း ၃၀ လောက်ကုန်ကျတယ်။ ဒီမှာ ဆရာတော်က အကုန်လုံးထောက်ပံ့ပေးတယ်။ ပညာသင်ယူရေးအပိုင်းမှာလဲ အဆင်ပြေတယ်။ ရှေ့ဆက်ပြီး ဒီကျောင်းကို အခုလိုပဲရပ်တည်နေစေချင်တယ်” ဟု ပြောသည်။

ပုလဲရတနာ(ဘက)ကျောင်းရှိ မူလတန်းနှင့် မူ(လွန်)ကျောင်းသားများအတွက် ဆရာမငှားရမ်းခအဖြစ် အစိုးရမှ တစ်လလျှင်ငွေကျပ် ၅ သိန်း ထောက်ပံ့ပေးထားသော်လည်း အထက်တန်းကျောင်းသားများအတွက် ထောက်ပံ့ပေးခြင်းမရှိသေးကြောင်း ပုလဲရတနာ(ဘက)ကျောင်း ဆရာတော်က မိန့်ကြားသည်။

“ဒီမှာ အထက်တန်းတွေအတွက် ဆရာ၊ ဆရာမတွေကို ကိုယ့်ဟာကိုငှားရတယ်။ တစ်လကို လစာသီးသန့် သိန်း ၄၀ ကျော်လောက်ကုန်တယ်” ဟု ဆရာတော်ကမိန့်သည်။

ပုလဲရတနာ(ဘက)ကျောင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထမြောက် ကျောင်းသားဦးရေအများဆုံး (ဘက)ကျောင်းဖြစ်ကာ အဆိုပါကျောင်းဖွင့်လှစ်ထားသည်မှာ ၁၂ နှစ်တာကာလအထိ ကြာမြင့်နေပြီဖြစ်သည်။

ဗီဒီယိုများ