“ဝ”တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွင် တပ်မတော်နှင့် AA တို့ တွေ့ဆုံဆွေးနွေး

အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် ယနေ့ဒီဇင်ဘာလ ၉ ရက်နေ့၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း UWSA ပြင်ပဆက်ဆံရေးရုံးမှ သိရသည်။

By အောင်ထိန် 09 Dec 2020

အောင်ထိန် | DMG
ဒီဇင်ဘာ ၉ ၊ စစ်တွေ

အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် ယနေ့ဒီဇင်ဘာလ ၉ ရက်နေ့၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း UWSA ပြင်ပဆက်ဆံရေးရုံးမှ သိရသည်။

တပ်မတော်ကိုယ်စားလှယ်အဖွဲ့များသည် ပန်ဆန်းမြို့သို့လာရောက်ကာ ရက္ခိုင့်တပ်တော်မှ ထိပ်ပိုင်း ခေါင်းဆောင်အချို့နှင့် တွေ့ဆုံမှုများရှိခဲ့ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက အတည်ပြုပြောဆိုသည်။

“တွေ့ဆုံခဲ့တာမှန်ပါတယ်။ အသေးစိတ်တော့ ကျွန်တော်လည်းမသိဘူး။ ဒီတပ်မတော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ကျွန်တော်တို့ “ဝ”ပြည်ကိုလာရောက်ပြီးမှ တွေ့ဆုံမှုတွေရှိတယ်ပေါ့” ဟု ၎င်းကဆိုသည်။

သို့သော် အသေးစိတ်အားဖြင့် အခြားမည်သည့် အဖွဲ့အစည်းများပါဝင်ပြီး ဆွေးနွေးခဲ့သည်ကိုမူ မသိရှိကြောင်း ဦးညီရမ်းကဆိုသည်။

တပ်မတော်နှင့် AA တို့အကြား နှစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် Online အစည်းအဝေးတစ်ခုကို နိုဝင်ဘာလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲသည် မိနစ် ၃၀ ကြာမြင့်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ဆွေးနွေးရာ၌ ရခိုင်ပြည်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်မြို့နယ်များ၌ ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲ၏ စံချိန်စံညွှန်းနှင့်ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီပြန်လည်ကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြောင်း AA က ဆိုထားသည်။

ဗီဒီယိုများ