စစ်ကောင်စီအနေဖြင့် တည်ငြိမ်နေသည့်ရခိုင်ဒေသတွင် ပြည်သူများ စိုးရိမ်မှုဖြစ်စေမည့်ကိစ္စများကိုမလုပ်ရန် တိုက်တွန်း

ရခိုင်ပြည်နယ်တောင်ဖက်ခြမ်းရှိ မြို့နယ်အချို့တွင် ဒေသခံများအား AA နှင့်ပတ်သက်ဆက်သွယ်မှုများ မပြုလုပ်ကြရန် မြန်မာစစ်တပ်က လာရောက်ပြောဆိုမှုများရှိသည်ဟု ဒေသခံများထံမှသိရသည်။

18 Mar 2022

ရခိုင်တွင် စစ်ရေးပဋိပက္ခကာလက ကျေးရွာများအတွင်း သွားလာလှုပ်ရှားနေသော မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။

DMG ၊ မတ် ၁၈

ရခိုင်ပြည်နယ်တောင်ဖက်ခြမ်းရှိ မြို့နယ်အချို့တွင် ဒေသခံများအား AA နှင့်ပတ်သက်ဆက်သွယ်မှုများ မပြုလုပ်ကြရန် မြန်မာစစ်တပ်က လာရောက်ပြောဆိုမှုများရှိသည်ဟု ဒေသခံများထံမှသိရသည်။

ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ ရပ်ကွက်(၄)ရှိဒေသခံများကို ULA နှင့်ဆက်သွယ်မှုရှိ၊မရှိကို ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က မြန်မာစစ်တပ်မှ လာရောက်စစ်ဆေးမေးမြန်းမှုများရှိခဲ့သည်ဟု စစ်ဆေးခံရသူများထဲတွင် ပါဝင်ခဲ့သူတစ်ဦးက DMG သို့ပြောသည်။

“ကျွန်တော်တို့ကိုတော့ မမေးဘူး။ ရာအိမ်မှူးကိုမေးသွားတယ်။ ULA နဲ့ဆက်သွယ်တဲ့သူတွေရောရှိလား။ အခွန်ကောက်တာရောရှိလားလို့မေးတယ်။ ရာအိမ်မှူးက သူကိုယ်တိုင် အဲဒီအဖွဲ့ထဲမှာလုပ်နေတယ်လို့ပြောတယ်။ ကျန်တာတွေတော့မမေးဘူး”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် လေးတောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်နှင့်ရဲအင်အား ၇၀ ကျော်ခန့်သည် မတ်လ ၁၃ ရက်နေ့က လေးတောင်မြို့သို့ရောက်ရှိလာပြီး အမှတ်(၄)ရပ်ကွက်ရှိ သရက်ချိုဘုန်းကြီးကျောင်းတွင်နေထိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“သူတို့(စစ်တပ်)က လူဦးရေစာရင်းမေးတယ်၊ အိမ်ထောင်စုစာရင်းမေးတယ်။ ကျောင်းသူ၊ကျောင်းသား အခြေအနေတွေမေးတယ်။ ပြီးတော့ ရပ်ကွက်ထဲကိုပြောင်းရွှေ့လာတဲ့ အိမ်ထောင်စုစာရင်းဝင်တဲ့သူတွေ ရှိလားမေးတယ်။ ကျွန်တော်တို့ကိုတော့ အဲဒီ(အေအေနဲ့ကိစ္စ)တွေကို မမေးဘူး။ ကျန်တဲ့သူတွေကို မေးလား၊ မမေးလားမသိဘူး”ဟု လေးတောင်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ် ရပ်တန့်နေသည်မှာ တစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်သည်။

AA သည် ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်လာနေသဖြင့် လက်ရှိ ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှစ်ရပ်ပုံစံဖြစ်နေပြီး စစ်ကောင်စီဘက်မှလည်း ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား မပျက်သွားစေရန် မြို့ရွာ၊ရပ်ကွက်များတွင် အိမ်ထောင်စုစာရင်းများ၊ ဧည့်စာရင်းများကို စစ်ဆေးပြီး အေအေနှင့်မပတ်သက်ရန် စသည့်ဒေသဆိုင်ရာစိုးမိုးမှုများကို လုပ်ဆောင်လျက်ရှိသည်။

တည်ငြိမ်နေသည့် လက်ရှိကာလတွင် စစ်ကောင်စီအနေဖြင့် ထိုသို့ကျေးရွာများတွင် စစ်ဆေးခြင်းများ လုပ်ဆောင်ခြင်းမှာ မသင့်တော်ကြောင်း ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက မှတ်ချက်ပြုသည်။

“သူတို့နယ်မြေကို စိုးမိုးထားတဲ့အနေအထား မဖြစ်အောင်။ ဆက်လက်ပြီး သူတို့လက်ထဲမှာ အာဏာရပ်တည်နေတဲ့အခြေအနေကို ဖော်ပြချင်တဲ့အတွက် လှုပ်ရှားမှုသာဖြစ်တယ်။ သို့သော် တစ်ချိန်ချိန်မှာ စစ်ရေးအရ ထိပ်တိုက်တွေ့သွားမှာကိုစိုးရိမ်တယ်”ဟု ဦးဖေသန်းကဆိုသည်။

ပုဏ္ဏားမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှာလည်း ပြီးခဲ့သည့်မတ်လ ၄ ရက်နေ့က အင်အား ၄၀ ခန့်ရှိသည့် မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခုရောက်ရှိလာပြီး ၅ ရက်နေထိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ကွမ်းတောင်ဒေသခံတစ်ဦးက “သူတို့ကို(စစ်တပ်)ကားနဲ့ လာချသွားတယ်။ ဘူတာမှာ အခြေချနေတယ်။ ရွာအတွင်း ဖြတ်သွားဖြတ်လာလုပ်တယ်။ စစ်ဆေးမေးမြန်းတာတွေတော့မရှိခဲ့ဘူး။ သူ့ဟာနဲ့သူ ချက်ပြုတ်စားသောက်ကြတယ်။ ဒီလိုလှုပ်ရှားမှုတွေရှိခဲ့တယ်”ဟု ပြောသည်။

ထိုသို့ မြန်မာစစ်တပ်က ကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များ၌ သွားလာလှုပ်ရှားမှု၊ စစ်ဆေးမေးမြန်းမှုများ ရှိလာနေသည့်အတွက် ဒေသခံများကြား စိုးရိမ်မှုများရှိနေသည်။

စစ်ကောင်စီအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး လုပ်ဆောင်မည်ဟု ကြွေးကြော် ထားသည့်အတွက် ပြည်သူများစိတ်မချမ်းမြေ့ဖွယ်ရာများကို မလုပ်ဆောင်သင့်ဟု ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံကထောက်ပြသည်။

“တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အေးအေးချမ်းချမ်းရှိအောင် လုပ်ဆောင်မှုမျိုးမဟုတ်ဘဲ အများပြည်သူတွေ သွားလာလှုပ်ရှားမှုတွေကို စစ်ဆေးမှုတွေ၊ ထိန်းချုပ်တဲ့ပုံစံတွေ၊ တင်းကျပ်တဲ့ပုံစံတွေ လုပ်ဆောင်တာတော့ မကောင်းဘူးပေါ့။ အမှန်တကယ်ငြိမ်းချမ်းမှုကိုဆောင်ရွက်ပေးနိုင်ရင် ပိုကောင်းတာပေါ့”ဟု ဦးဖိုးစံကပြောသည်။

မြန်မာစစ်တပ်က ကျေးရွာများအတွင်း ဝင်ရောက်စစ်ဆေးမှုများအပါအဝင် ပြည်သူများအကြား ထောက်ပြပြောဆိုမှုများနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ