ပစ်ခတ်မှုများကြောင့် ကျောက်တော်ဒေသခံအများအပြား ထပ်မံထွက်ပြေး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ လူဦးရေ (၁၀၀၀)နှင့်အထက်နေထိုင်သည့် ကျေးရွာတစ်ချို့ကို လက်နက်ကြီးကျည်များ ကျရောက်လာသောကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများထံက သိရသည်။

By နှင်းနွယ် 14 Mar 2020

ရခိုင်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ထိ ရှိလာနေပြီဖြစ်ကြောင်း REC က ထုတ်ပြန်ထားသည်။

နှင်းနွယ် | DMG
မတ်လ ၁၄၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ လူဦးရေ (၁၀၀၀)နှင့်အထက်နေထိုင်သည့် ကျေးရွာတစ်ချို့ကို လက်နက်ကြီးကျည်များ ကျရောက်လာသောကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများထံက သိရသည်။

လက်ရှိတွင် မျောက်တောင်ကျေးရွာမှ ဒေသခံ(၁၀၀၀)ကျော်၊ သာစည်ကျေးရွာမှ ဒေသခံ(၂၀၀၀) ကျော် နှင့် ရွှေပြည်ကျေးရွာမှ ဒေသခံ(၂၀၀၀)ကျော်အထိ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသူများမှာ နီးစပ်ရာဆွေမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် တည်းခိုနေရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးပိုင်းတွင် အခက်အခဲများရှိနေကြောင်း ရွှေပြည်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“အခက်အခဲကတော့ အကုန်လုံးရှိတယ်။ စားဝတ်နေရေးပိုင်းရော၊ ကျန်းမာရေးုပိုင်းရော အခက်အခဲရှိတယ်။ ဆွေမျိုးအိမ်မှာ နေထိုင်စားသောက်သူတွေလည်း ရှိတာပေါ့။ ခိုကိုးရာ ဆွေမျိုးမရှိတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းမှာနေပြီးတော့ ကျေးရွာကလူတွေချက်ကျွေးတာကို စားနေရတယ်” ဟု ၎င်းကဆိုသည်။

ပစ်ခတ်မှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အဘက်ဘက်မှ စိုးရိမ်နေရသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

“လူမှာက အဓိက အသက်အန္တရာယ်ကို စိုးရိမ်ရတယ်။ ကျန်းမာရေးချွတ်ယွင်းမှုတွေလည်း ဖြစ်လာနိုင်တယ်။ တစ်ရက်စာကိုတစ်ရက် ရှာဖွေစားသောက်နေတဲ့သူတွေ၊ အောက်ခြေလူတန်းစားတွေမှာဆိုလည်း စားဝတ်နေရေး အဆင်မပြေဖြစ်လာတယ်။ အစခပ်သိမ်းပဲပေါ့” ဟု၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ထိ ရှိလာနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း - ကျောက်တော်တွင် စစ်ဘေးရှောင် (၂၀၀၀) ကျော်အထိ တိုးလာ

ဗီဒီယိုများ