ယခုနှစ်တွင် ကုန်ကျစရိတ်များပြီး စပါးဈေးမကောင်း၍ တောင်သူများ ချေးငွေပြန်ဆပ်ရန်ခက်ခဲနိုင်ဟုဆို

ယခုနှစ်စပါးရိတ်သိမ်းချိန်တွင် စပါးအထွက်နှုန်းကောင်းသော်လည်း စိုက်ပျိုးရေးကုန်ကျစရိတ်များခဲ့ပြီး လက်ရှိစပါးဈေးမှာမကောင်းသဖြင့် တောင်သူများချေးငွေပြန်ဆပ်ရန် အခက်အခဲရှိနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ ခန့်မှန်းသည်။

25 Nov 2021

DMG ၊ နိုဝင်ဘာ ၂၅

ယခုနှစ်စပါးရိတ်သိမ်းချိန်တွင် စပါးအထွက်နှုန်းကောင်းသော်လည်း စိုက်ပျိုးရေးကုန်ကျစရိတ်များခဲ့ပြီး လက်ရှိစပါးဈေးမှာမကောင်းသဖြင့် တောင်သူများချေးငွေပြန်ဆပ်ရန် အခက်အခဲရှိနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ ခန့်မှန်းသည်။

ယခုနှစ်တွင် လယ်ယာသုံးဓာတ်မြေသြဇာဈေး မြင့်တက်ခြင်း၊ အလုပ်သမားဈေးမြင့်တက်ခြင်းတို့ကြောင့် တောင်သူများ အမြတ်ငွေအနည်းငယ်သာရရှိကြကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုကော်မတီဝင် ဦးမျိုးမင်းအောင်က ပြောသည်။

“လယ်သမားတွေအတွက် ဒီနှစ်စပါးအထွက်နှုန်းကောင်းပေမယ့် ဓာတ်မြေသြဇာဝယ်သုံးရတာတွေက အရမ်းဈေးကြီးတယ်။ အလုပ်သမားဈေးတွေလည်း အရမ်းဈေးကြီးလာတယ်။ လယ်သမားတွေအတွက်တော့ လယ်ယာလုပ်ငန်းခွင်နဲ့ပတ်သက်ရင် အကုန်လုံးဈေးကြီးနေတာ။ စပါးဈေးကလည်း သူတို့မျှော်မှန်းထားသလောက်မရတဲ့အတွက် စိုက်ပျိုးရေးချေးငွေတွေပြန်ဆပ်ဖို့ လယ်သမားတွေမှာ အများကြီးအခက်အခဲဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။

ယခုနှစ် စပါးရိတ်သိမ်းချိန်တွင် လယ်တစ်ဧကလျှင် စပါးတင်း ၇၀ ခန့်(ဒေသအခေါ်- လယ်ဝါးတစ်ရာလျှင် စပါးတောင်း ၁၇၀ ကျော်)ရရှိသော်လည်း လက်ရှိစပါးပေါက်ဈေးမှာ စပါးတင်း ၁၀၀ ကို ငွေကျပ် ၅ သိန်းကျော်သာရှိသည်ဟု မြောက်ဦးမြို့နယ်မှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးစိုးနိုင်ကပြောသည်။

“စပါးဈေး ဒီထက်ပိုရရင်တော့ လယ်သမားတွေအတွက် နည်းနည်း အဆင်ပြေမယ်လို့ထင်ပါတယ်။ လယ်သမားတွေအနေနဲ့တော့ အရှုံးအမြတ်က စပါးဈေးအပေါ်မှာပဲမူတည်တယ်။ လယ်သမားတွေကို အခုပေါက်ဈေးထက်ဈေးပိုပေးရမယ်။ ဈေးပိုမရရင်တော့ လယ်သမားတွေမှာအခက်အခဲဖြစ်မယ်။ စပါးတင်း ၁၀၀ ကို အနည်းဆုံး ၆ သိန်းကျော်ပေးမယ်ဆို စိုက်ပျိုးရေးချေးငွေပြန်ဆပ်ဖို့ အဆင်ပြေမယ်ထင်ပါတယ်“ဟု ဦးစိုးနိုင်ကဆိုသည်။

စိုက်ပျိုးရေးချေးငွေထုတ်ချေးရာတွင် လယ် ၁ ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် လယ် ၅ ဧကမှ ၁၀ ဧကအထိ အစိုးရမှ ထုတ်ချေးပေးပြီး လယ်သမားများပြန်ဆပ်သည့်အခါ အတိုးနှုန်း ပြား ၅၀ ကျပ်ဖြင့် ပြန်ဆပ်ရသည်။ အဆိုပါချေးငွေကို ဇွန်လတွင် စတင်ထုတ်ချေးပေးပြီး ဖေဖော်ဝါရီလတွင် ချေးငွေကိုပြန်ဆပ်ရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ မန်နေဂျာ ဦးအေးသိန်းက “စိုက်ပျိုးရေးချေးငွေထုတ်ချေးယူရာမှ ဘဏ်မှသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုလိုက်နာတဲ့၊ အရင်နှစ်ကထုတ်ချေးတဲ့ချေးငွေကို ပြန်ဆပ်တဲ့ တောင်သူလယ်သမားတွေကိုပဲ ပြန်ထုတ်ချေးပေးတာဖြစ်ပါတယ်“ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အထက်ပိုင်း ကျေးရွာအများအပြားမှတောင်သူများမှာ ယခင်နှစ်က စိုက်ပျိုးရေးချေးငွေကို ပြန်မဆပ်နိုင်သည့်အတွက် ယခုနှစ်တွင် စိုက်ပျိုးရေးချေးငွေ မရကြသူများလည်းရှိခဲ့သည်။

ယခုနှစ်တွင် စပါးဈေးမကောင်းသဖြင့် လယ်သမားများနှင့် အစိုးရကြားတွင် သင့်တော်သည့်ဈေးတစ်ခုဖြစ်လာစေရန် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအနေဖြင့် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ဓာတ်မြေသြဇာဈေးတက်ခြင်း၊ မိုးရာသီတွင် လယ်ကွင်းများ၌ ရေကြီးရေလျှံမှုကြောင့် စပါးခင်းများပျက်စီးခြင်း၊ စပါးရိတ်သိမ်းခဈေးမြင့်တက်ခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

မြေဆီနှင့်မြေသြဇာများကို လိုအပ်သည့်ပမာဏအတိုင်း အသုံးမပြုနိုင်ခဲ့သည့်အတွက်လည်း အချို့လယ်ယာများမှာ စပါးအထွက်နှုန်းလျော့နည်းခဲ့ကြောင်း တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ဒေါ်မြရီဝင်းကပြောသည်။

“ရေနစ်သွားတဲ့အတွက် စပါးခင်းတွေမှာ သဲတွေဖုံးသွားတယ်။ ဒီနှစ်စပါးအထွက်နှုန်းမကောင်းဘူး။ အရင်နှစ်ကထက်စာရင် အထွက်နှုန်းနည်းတယ်“ဟု ဒေါ်မြရီဝင်းကပြောသည်။  

ရခိုင်မြောက်ပိုင်းမှ မြို့နယ်များတွင် စပါးအထွက်နှုန်းကောင်းသော်လည်း ရခိုင်ပြည်တောင်ပိုင်းမှမြို့နယ်များတွင် မိုးရာသီ၌ လယ်ကွင်းများရေနစ်မြုပ်ခဲ့သဖြင့် စပါးအထွက်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ၂၀၁၉ ခုနှစ်က စပါးမစိုက်ပျိုးနိုင်ခဲ့သည့် လယ်ဧကငါးသောင်းကျော်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မစိုက်ပျိုးနိုင်သည့် လယ်ဧကတစ်သိန်းကျော်အထိ ရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ သိရသည်။

ယခုနှစ် ရေကြီးရေလျှံမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှ စပါးစိုက်ဧက ၁၂၈၀၀ ဧကပျက်စီးခဲ့ကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂကဆိုသော်လည်း ပြည်နယ်စစ်ကောင်စီကမူ စပါးစိုက်ဧက ၆၀၀ ခန့်သာပျက်စီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ