စစ်တွေမှ INGO ဝန်ထမ်းအမျိုးသားတစ်ဦး ၅၀၅(က)ဖြင့် အမှုဖွင့်ဖမ်းဆီးခံရ

စစ်တွေမြို့ရှိ Lutheran World Federation Myanmar(LWF)အဖွဲ့တွင် Training Officer ရာထူးဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိသော ကိုလှိုင်မျိုးအောင်(ခ)ကိုလှိုင်ဆိုသူအား ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

24 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၄

စစ်တွေမြို့ရှိ Lutheran World Federation Myanmar(LWF)အဖွဲ့တွင် Training Officer ရာထူးဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိသော ကိုလှိုင်မျိုးအောင်(ခ)ကိုလှိုင်ဆိုသူအား ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“အွန်လိုင်းပေါ်မှာတင်ထားတဲ့ သတင်းနဲ့ပတ်သက်ပြီး အမှုဖွင့်တာ။ အွန်လိုင်းပေါ်မှာကလည်း စောင့်ကြည့်ရေးအဖွဲ့တွေရှိတယ်။ အခုအကြမ်းဖက်နဲ့ပတ်သက်ပြီးတော့လည်း ဖွင့်တာတွေရှိတယ်။ အမှုဖွင့်ပြီးပြီဆိုတော့ စစ်ဆေးတာတွေဘာတွေတော့လုပ်နေတယ်”ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကDMG သို့ပြောသည်။

လက်ရှိတွင် ကိုလှိုင်မျိုးအောင်အား စစ်တွေမြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့နံနက်ပိုင်းက နေအိမ်မှခေါ်ဆောင်သွားခဲ့သည်ဟုသိရကြောင်း ကိုလှိုင်မျိုးအောင်နှင့် ရင်းနှီးသည့် အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

“ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ ကျွန်တော်တို့မသိရသေးဘူး။ မနေ့ကနံနက်ဆယ်နာရီလောက်မှာ သူငှားနေတဲ့အဆောင်ကနေလာခေါ်သွားကြတာလောက်ပဲသိရသေးတယ်”ဟု သူကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကိုလှိုင်မျိုးအောင် နေထိုင်ရာနေရာသို့ အရပ်ဝတ်ဖြင့်လူငါးဦးက လာရောက်ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း အိမ်နီးချင်းများထံမှ သိရသည်။

“အဲဒီလူငါးယောက်က ဟိုဘက်လမ်းထိပ်ဘက်က ပတ်ဝင်လာတာ ကားလည်းမပါဘူး။ ဆိုင်ကယ်လည်းပါတာမတွေ့လိုက်ရဘူး။ ကျွန်မတို့က သူ့အသိတွေလာလည်တာထင်တာ။ နောက်တော့မှဖမ်းသွားမှန်းသိရတာ”ဟု အမည်မဖော်လိုသည့် အိမ်နီးချင်းတစ်ဦးက ပြောသည်။

ထိုသို့ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ LWF Myanmar စစ်တွေရုံး(ခွဲ)သို့ DMG မှ သွားရောက်မေးမြန်းခဲ့သော်လည်း ဖြေကြားခွင့်မရှိဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က) ပြဋ္ဌာန်းချက်တွင် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေတပ်တစ်ခုခုမှ အရာရှိအား (သို့တည်းမဟုတ်) တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏တာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန်အကြံရှိလျှင် (သို့တည်းမဟုတ်) ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းဖော်ပြထားသည်။

ဗီဒီယိုများ