PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တောင်ကုတ်က ဆရာမတစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်ချ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် တောင်ကုတ်မြို့မှ အထက်တန်းပြဆရာတစ်ဦးကို (ဧပြီလ ၂၈ ရက်နေ့)က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေကပြောသည်။

29 Apr 2022

DMG ၊ ဧပြီ ၂၉

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် တောင်ကုတ်မြို့မှ အထက်တန်းပြဆရာတစ်ဦးကို (ဧပြီလ ၂၈ ရက်နေ့)က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေကပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားသူ ဒေါ်ချယ်ရီသက်ရှည်ဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ ၎င်းနေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မနေ့က သူကို သံတွဲခရိုင်တရားရုံးမှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်။ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ည)နဲ့ချတာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဦးသော်ဇင်ထွန်းက DMG သို့ပြောသည်။

၎င်းသည် PDF တပ်သားများကို သင်တန်းပေးပြီးပြန်လာသည့် စည်သူလွင်ဆိုသူကို Kpay ဖြင့် ငွေထောက်ပံ့ခြင်း၊ သူကိုယ်တိုင် CDM လုပ်ခြင်းကြောင့်ဟုဆိုကာဖမ်းဆီးပြီး စစ်ဖက်ရေးရာလုံခြုံရေး(စရဖ)တပ်ဖွဲ့မှ တပ်ကြပ်ကြီး ချမ်းစမ်းမောင်က တရားလိုပြုလုပ်ကာ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

“စစ်တပ်ကနေပြီးတော့ လုပ်ကြံတာ။ စည်သူလွင်ဆိုတာ တကယ်မရှိဘူး။ စည်သူလွင်ဆိုတာ လုပ်ကြံဇာတ်လမ်း။ အမှုက အခြေအမြစ်မရှိဘူး။ စည်သူလွင်ရှိတယ်ဆိုရင် စည်သူလွင်ထုတ်လာခဲ့လို့ ကျွန်တော်ပြောတယ်။

သူတို့မပြနိုင်ဘူး။ စည်သူလွင်မပြနိုင်တဲ့အတွက် ဒီအမှုဟာအခြေအမြစ်မရှိဘူး။ တရားရုံးရှေ့မှာ သက်သေတစ်ခုကို ထင်ရှားအောင်ပြရမယ်။ အခုက မထင်ရှားဘူး။ သူတို့လိုရာကို ရအောင်ဆွဲထည့်တာ။ ဒီအမှုဟာ အခြေအမြစ်မရှိဘူး”ဟု ရှေ့နေဦးသော်ဇင်ထွန်းက ဆိုသည်။

လက်ရှိတွင် ဆရာမဒေါ်ချယ်ရီသက်ရှည်ကို သံတွဲအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။

ရခိုင်ပြည်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဒေသခံ ၁၀ ဦးထက်အနည်း ဖမ်းဆီးခံနေရသည်။ ယင်းအထဲမှ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ တစ်ဦးနှင့် သံတွဲမြို့မှ အမျိုးသမီးသုံးဦးတို့မှာ PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။

ဗီဒီယိုများ