PDF နှင့်ဆက်စပ်ပြီး ရခိုင်က အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးတို့ ဖမ်းဆီးခံထားရ

ရခိုင်ပြည်နယ်အတွင်းတွင် လက်ရှိတည်ငြိမ်အေးချမ်းနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် သံတွဲခရိုင်မှ ခြောက်ဦး၊ မြောက်ဦးခရိုင်မှ တစ်ဦး၊ ကျောက်ဖြူခရိုင်မှတစ်ဦး၊ စုစုပေါင်းအမျိုးသမီးငါးဦးနှင့် အမျိုးသားသုံးဦးတို့ ဖမ်းဆီးခံထားရသည်။

06 Dec 2021

DMG ၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်အတွင်းတွင် လက်ရှိတည်ငြိမ်အေးချမ်းနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် သံတွဲခရိုင်မှ ခြောက်ဦး၊ မြောက်ဦးခရိုင်မှ တစ်ဦး၊ ကျောက်ဖြူခရိုင်မှတစ်ဦး၊ စုစုပေါင်းအမျိုးသမီးငါးဦးနှင့် အမျိုးသားသုံးဦးတို့ ဖမ်းဆီးခံထားရသည်။

ထိုသို့ဖမ်းဆီးခံထားရသူများမှာ သံတွဲမြို့မှ ဦးစိန်ချစ်၊ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်၊ ငပလီမြို့မှ ကိုရဲနိုင်ဦးနှင့် မငြိမ်းအိဖြူ၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ) အောင်နိုင်မြင့်၊ တောင်ကုတ်မြို့မှ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်နှင့် ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်တို့ ဖြစ်ကြသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးခံလိုက်ရသော တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်ကို ကျောက်ဖြူမြို့ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မိသားစုဝင်များကပြောသည်။

“သူတို့က ဧည့်စာရင်းစစ်မယ့်ပုံစံမျိုးနဲ့လာကြတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ ရဲရယ်၊ လဝကရယ်၊ စစ်တပ် အကုန်ပါတယ်။ ပြီးတော့ မှတ်ပုံတင်ပြခိုင်းတယ်။ မှတ်ပုံတင်ပြပေမယ့် PDF ဆီကို ဒီမှတ်ပုံတင်နဲ့ ငွေလွှဲပေးပို့နေတယ်လို့ပြောပြီး ဖမ်းသွားတာ”ဟု မအေးမြင့်မြတ်အောင်၏ အဒေါ်ဖြစ်သူက DMG သို့ ပြောသည်။

ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့နှစ်ဦးကိုလည်း PDF နှင့်ဆက်စပ်မှုရှိသည်ဟုစွပ်စွဲချက်ဖြင့် အောက်တိုဘာလအတွင်းက ရှေ့ဆင့်နောက်ဆင့်ဖမ်းဆီးခဲ့ကာ လက်ရှိတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှတရားလိုပြုလုပ်၍ တရားစွဲဆိုထားသည်။

"နိုဝင်ဘာလ ၁ ရက်နေ့က တရားလိုပြသက်သေသုံးယောက်ကို စစ်တယ်။ ကျန်တဲ့သက်သေတွေကိုစစ်ဖို့အတွက် ပြန်ချိန်းလိုက်တယ်"ဟု ဦးစိန်ချစ်တို့၏ အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သဂိံမောင်က ပြောသည်။

အလားတူ PDF နှင့်ဆက်စပ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ကဖမ်းဆီးခံလိုက်ရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မ- ၅၀(ည)ဖြင့် မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်က တရားလိုပြုလုပ်ကာ မြောက်ဦးခရိုင်တရားရုံးတွင် တရားစွဲဆိုထားသည်။

အဆိုပါအမှုတွင် သက်သေအားလုံးစစ်ဆေးပြီးဖြစ်၍ နှစ်ဖက်ရှေ့နေများလျှောက်လဲချက်ပေးရန် လာမည့်ဒီဇင်ဘာ ၁၀ ရက်နေ့သို့ ချိန်းဆိုထားသည်။

လူငယ်စာရေးဆရာမင်းဒီပါ၏ အစ်ကို ကိုအောင်မြင့်က "ဒီအမှုနဲ့ပတ်သက်ပြီး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည့်ဖြစ်စေ အမြန်ဆုံးဖြတ်စေချင်တယ်။ တရားဥပဒေအတိုင်းဆိုလည်း အမြန်ဆုံးပြတ်စေချင်ပါတယ်"ဟု ပြောသည်။

နိုဝင်ဘာလအတွင်းကဖမ်းဆီးခံရသည့် တောင်ကုတ်မြို့နယ်မှ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်နှင့် သံတွဲမြို့နယ်မှ စန်းချိုသိုက်၊ တင်စန္ဒာဝင်း၊ မငြိမ်းအိဖြူတို့ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ-၅၀(ည)ဖြင့် အမှုဖွင့်ထားသည်။

လက်ရှိတွင် ၎င်းတို့၏အမှုအခြေအနေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမသိရသေးပေ။

PDF အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် သံတွဲမြို့နယ်မှဖမ်းဆီးခံရသူများထဲတွင် မူလက အသက်(၁၇)နှစ်အရွယ် ဆယ်တန်းကျောင်းသူတစ်ဦးပါဝင်ခဲ့သော်လည်း ဥပဒေအကြံပြုချက်အရ အမှုမှန်မပေါ်ပေါက်ဟုဆိုကာ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါဆယ်တန်းကျောင်းသူကိုပြန်လွှတ်ပေးပြီးနောက် ၎င်း၏အဒေါ်ဖြစ်သူ ဒေါ်စန်းချိုသိုက်ကို PDF ကိုငွေလွဲသောဖုန်းပိုင်ရှင်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ရခိုင်ကတော့ PDF တို့ NUG တို့နဲ့ ဆက်စပ်တာတော့မရှိဘူး။ ကိုယ့်ဟာကိုယ် သီးခြားဖြစ်နေတာကို

ပတ်သက်မှုရှိတယ်ဆိုပြီးဖမ်းဆီးတာ မတရားဖမ်းဆီးနေတာလို့ပဲမြင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့မှုကို မလိုလားသောပြည်သူများသည် ဆန္ဒပြမှုများကို ဆက်တိုက်လုပ်ဆောင်လာကြပြီး လက်ရှိမှာ ဒေသအသီးအသီးတွင်ဖွဲ့စည်းထားသည့် လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိနေသည်။

ဗီဒီယိုများ