PDF နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရသည့် သံတွဲမှဆယ်တန်းကျောင်းသူပြန်လွှတ်၊ သူမ၏ အဒေါ်ဖြစ်သူကိုဖမ်းဆီး

PDF အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ အမျိုးသမီး ၃ ဦးအနက် အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသူကို ပြန်လွှတ်ပေးလိုက်ပြီး ၎င်း၏အဒေါ်ဖြစ်သူ ဖုန်းပိုင်ရှင်ကို ဖမ်းဆီးထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ သိရသည်။

23 Nov 2021

DMG ၊ နိုဝင်ဘာ ၂၃

PDF အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ အမျိုးသမီး ၃ ဦးအနက် အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသူကို ပြန်လွှတ်ပေးလိုက်ပြီး ၎င်း၏အဒေါ်ဖြစ်သူ ဖုန်းပိုင်ရှင်ကို ဖမ်းဆီးထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ သိရသည်။

ဥပဒေအကြံပြုချက်အရအမှုမှန်မပေါ်သည့်အတွက် နိုဝင်ဘာ ၁၉ ရက်နေ့က ဆယ်တန်းကျောင်းသူကို ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်း၏အဒေါ်ဖြစ်သူ ဖုန်းပိုင်ရှင်ဒေါ်စမ်းချိုသိုက်ကို ဖမ်းဆီးထားကြောင်း သံတွဲရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ကလေးငယ်က အမှုနဲ့ဆက်စပ်မှုမရှိတဲ့အတွက် ဥပဒေအကြံပြုချက်အရ ပြန်လွှတ်ပေးလိုက်တယ်။ ဖုန်းပိုင်ရှင်ဖြစ်တဲ့ အဒေါ်ဖြစ်သူကို ထပ်မံဖမ်းဆီးလာခဲ့တယ်။ အဲဒီဖုန်းက အဒေါ်ဖြစ်သူဖုန်း ဖြစ်တယ်။ KPay အကောင့်က ကလေးမလေးနာမည်နဲ့ဖွင့်ထားတာဖြစ်တယ်။ အခုသူ့ကို ၅၀(ည)နဲ့အမှုဖွင့်ထားတယ်"ဟု ၎င်းရဲအရာရှိကပြောသည်။

ရဲစခန်းမှသိမ်းဆဲထားသောဖုန်းတွင် PDF အဖွဲ့အား ငွေလွဲခြင်းများပြုလုပ်ထားသောကြောင့် ယခုကဲ့သို့ ဖုန်းပိုင်ရှင်အားဖမ်းဆီးထားခြင်းဖြစ်ကြောင်းလည်း ရဲအရာရှိကဆက်ပြောသည်။
လက်ရှိဖမ်းဆီးခံထားရသည့် မငြိမ်းအိဖြူကျော်၊ မတင်စန္ဒာဝင်း၊ ဒေါ်စန်းချိုသိုက်တို့ကို ငပလီမြို့ (၅၅)တပ်ရင်းတွင်ထားရှိကြောင်း စစ်တပ်ဖြင့်နီးစပ်သူများထံမှ သိရသည်။

PDF အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဆိုသော ပြောဆိုချက်နှင့်ပတ်သက်ပြီး ဖမ်းဆီးခံရသူများ၏မိသားစုဝင်များကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

PDF အဖွဲ့နှင့်ဆက်စပ်သည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုကို သံတွဲမြို့နယ်တရားရုံးတွင် နိုဝင်ဘာ ၂၂ ရက်နေ့ကရုံးထုတ်ခဲ့ပြီး တရားလိုကိုစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် PDF နှင့်ဆက်စပ်သည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေနှင့်အမှုဖွင့်ခံထားရသူ ၆ ဦးရှိပြီး သံတွဲမြို့နယ်မှ ၅ ဦးနှင့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါတို့ဖြစ်ကြသည်။

ဗီဒီယိုများ