မြန်မာ့နိုင်ငံအရေးကို အဖြေရှာမည်ဆိုပါက Stakehoders အားလုံးပါဝင်သင့်ကြောင်း KNU အပါအဝင် လက်နက်ကိုင်သုံးဖွဲ့က တိုက်တွန်း

စစ်ကောင်စီအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဆိုပါက ပါဝင်သင့်သော (Stakehoders)သက်ဆိုင်သူများအားလုံး ပါဝင်ရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့က မတ်လ ၉ ရက်နေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

10 May 2022

Photo Crd - RVA Pwo Karen

DMG ၊ မေ ၁၀

စစ်ကောင်စီအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဆိုပါက ပါဝင်သင့်သော (Stakehoders)သက်ဆိုင်သူများအားလုံး ပါဝင်ရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့က မတ်လ ၉ ရက်နေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုကိုတည်ဆောက်သည့်အချိန်တွင် အားလုံးစုပေါင်းတည်ရောက်ရန်လိုအပ်ကြောင်း KNU ဗဟို နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးကပြောသည်။

“အခုအချိန်အခါမှာ ကျွန်တော်တို့က ဖြစ်နိုင်တဲ့နည်းလမ်း၊ ဖြစ်နိုင်တဲ့အနေအထားကနေပြီး နီးစပ်ရာခံယူချက်ချင်း သဘောထားချင်း တူညီတဲ့အဖွဲ့တွေနဲ့ စပြီးစုဖွဲ့လုပ်ဆောင်နေတဲ့အပိုင်းပဲရှိတယ်။ ထုတ်ပြန်ကြေညာချက်က အဲဒီသဘောကိုဆောင်တယ်ပေါ့”ဟု ပဒိုစောတောနီးက DMG သို့ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိမြေပြင်အနေအထားမှာ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို အမြန်ဆုံးရပ်တန့်ပြီး ပါဝင်သင့်သော (Stakehoders)အားလုံးပါဝင်လျက် အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က တိုက်တွန်းထားသည်။

လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်သည့်အထဲတွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် NUG နှင့် PDF တို့မပါဝင်ကြောင်း စစ်ကောင်စီမှပြောဆိုထားသည်။ ထိုကြောင့် ယခုငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းမှာ ဟန်ပြသဘောသာဖြစ်သည်ဟု နိုင်ငံရေးသမားများက ဝေဖန်ကြသည်။

စစ်ကောင်စီကဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့်အဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ကို နောက်ဆုံးထားစာရင်းပေးပို့ရမည်ဖြစ်ကာ ဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသည့် (DKBA)၊ (KNU/KNLA-PC)၊ (PNLO)၊ (NMSP)၊ (ALP)၊ (RCSS)၊ LDU နှင့် NCA လက်မှတ်မရေးထိုးထားသည့် NDAA ၊ SSPP ၊ UWSA စသည့်အဖွဲ့များ တက်ရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC သတင်းဌာနတွင် ယနေ့နံနက်ပိုင်းက ဖြေကြားထားသည်။

KNU၊ (ABSDF)၊ (CNF)၊ (KNU)နှင့် (KNPP/KA)၊ (KIO/KIA) စသည့်အဖွဲ့များက ဆွေးနွေးပွဲသို့မတက်ကြောင်း ထုတ်ပြန်ထားကြပြီး AA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲကို စောင့်ကြည့်မည်ဖြစ်ကြောင်း သတင်းမီဒီယာများသို့ပြောဆိုထားသည်။

KNU အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားသည့်အတွက် ကြိုးစားလုပ်ဆောင်လာခဲ့သော်လည်း စစ်ကောင်စီက အသိအမှတ်မပြုဘဲ လုပ်ချင်ရာလုပ်ကာ အကြမ်းဖက်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ကြောင်းဆိုသည်။
လက်ရှိဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ကိုလည်း လက်ခံနိုင်စရာအကြောင်းမရှိဟု KNU ဗဟိုနိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးကပြောသည်။

“အာဏာသိမ်းလိုက်တော့ စစ်ကောင်စီက တရားမဝင်အဖွဲ့ဖြစ်သွားပြီလေ။ တရားမဝင်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့ အညီ ဒီလိုတရားဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုမှခေါ်ပိုင်ခွင့်မရှိဘူး။ ခေါ်လည်းမခေါ်ထိုက်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ကြိုးစားနေတာလဲ စစ်ကောင်စီကို လုံးဝအသိမှတ်မပြုရေး တစ်ကမ္ဘာလုံးချီပြီးလုပ်နေတဲ့ အနေအထားမှာ ဒီလိုနိုင်ငံရေးဖိတ်ခေါ်ချက်မျိုးကိုလည်း လက်ခံလို့မရတဲ့အကြောင်းအရင်းပါပဲ”ဟု ပဒိုစောတောနီးက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူထားသည့်အချိန်မှစ၍ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တချို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဒေသအသီးသီး၌ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့နှင့်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဗီဒီယိုများ