PACE အဖွဲ့အား ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ကန့်သတ်မှု အရပ်ဖက်အဖွဲ့ ၄၀၀ ကျော် ကန့်ကွက်

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု(Pace)အဖွဲ့ကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့် ကန့်သတ်ပိတ်ပင်မှုအပေါ် ကန့်ကွက်ကြောင်း ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း (၄၄၃)ဖွဲ့မှ သြဂုတ်လ ၁၃ ရက် နေ့က သဘောထားထုတ်ပြန်လိုက်သည်။

By မင်းထွန်း 14 Aug 2020

မင်းထွန်း | DMG
သြဂုတ် ၁၄ ၊ စစ်တွေ

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု(Pace)အဖွဲ့ကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့် ကန့်သတ်ပိတ်ပင်မှုအပေါ် ကန့်ကွက်ကြောင်း ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း (၄၄၃)ဖွဲ့မှ သြဂုတ်လ ၁၃ ရက် နေ့က သဘောထားထုတ်ပြန်လိုက်သည်။

အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်သည့် အရပ်ဖက်အဖွဲ့အစည်း စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ပိတ်ပင်မှုသည် ဒီမိုကရေစီစံနှုန်းများ လျှော့ကျစေသည်ဟု သဘောထားထုတ်ပြန်ရာတွင် ပါဝင်သည့် ဒို့မြေကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုစည်သူက ဆိုသည်။

“အဓိကတော့ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ပေါ့။ ကျွန်တော်တို့ကတော့ Pace အဖွဲ့ရယ်လို့ မဟုတ်ဘူး။ ဘယ်အဖွဲ့ဖြစ်ဖြစ် အဲလိုလုပ်ရင်တော့ ကန့်ကွက်ရမှာပဲဆိုတဲ့ အရာမျိုးရှိတယ်။ သူတို့ (ရွေးကောက်ပွဲကော်မရှင်)အနေနဲ့ အရပ်ဘက်ကနေပြီးတော့ လွတ်လပ်စွာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေကို ကန့်သတ်လိုက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒါကိုမကျေနပ်ဘူး။ ပြီးရင် ဒီမိုကရေစီ စံနှုန်းတွေလျော့ကျ တယ်လို့မြင်တယ်။ အဲဒီအတွက် ကြေငြာချက်ထုတ်လိုက်တာပါ” ဟု ၎င်းကဆိုသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ရန်ခွင့်မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၃၀ ရက်နေ့ရက်စွဲဖြင့် အကြောင်း ပြန်ခဲ့ကြောင်း Pace အဖွဲ့က သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် Pace အဖွဲ့အနေဖြင့် နိုင်ငံတကာအထောက်အပံ့များ ရယူထားသောကြောင့် အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေနှင့် မကိုက်ညီဟုဆုံးဖြတ်ကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့် လျှောက်ထားမှုကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းဆန်ခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ဒီမိုကရေစီအသွင် ကူးပြောင်းစနိုင်ငံတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ကန့်သတ်လိုက် ခြင်းသည် ရွေးကောက်ပွဲ၏ပွင့်လင်းမြင်သာမှုကို ထိခိုက်စေကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု Pace အဖွဲ့၏ Program Manager ကိုဟန်စိုးထွန်းက ဆိုသည်။

“ကျွန်တော်တို့ရဲ့ စောင့်ကြည့်လေ့လာမှုတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲဟာ ဘယ်လောက် ပွင့်လင်းမြင်သာမှုတွေ ပိုကောင်းလာမလဲ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ဘယ်လောက်ထိ အားကောင်းလာမလဲ။ အားကောင်းလာရင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျလာမယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးကို အရင်ရှိတဲ့အတိုင်း ဆက်ပြီးတော့ ထိန်းသိမ်းဖို့လိုတယ်၊ အဲဒါမှ ပိုပြီးတိုးတက်လာမယ်။ အရင် တုန်းက စောင့်ကြည့်လေ့လာခွင့်ရတယ်၊ အခုကျတော့ မရတော့ဘူးဆိုတော့ ပွင့်လင်းမြင်သာမှုကို နောက်ပြန် ရောက်သွားတဲ့ အနေအထားဖြစ်တယ်။ ဒါက ကျွန်တော်တို့ရဲ့ အဓိကစိုးရိမ်မှုပေါ့” ဟု ၎င်းကပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများအပါအဝင် ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲများတွင် Pace အဖွဲ့အနေဖြင့် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ရှိခဲ့သည်။

သို့သော် လာမည့်ရွေးကောက်ပွဲတွင် Pace အဖွဲ့အား စောင့်ကြည့်လေ့လာခွင့် ကန့်သတ်လိုက်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တစ်စုံတစ်ရာ၏ လွှမ်းမိုးသက်ရောက်မှုရှိမည်ဟု ယူဆကြောင်း ဒို့မြေကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုစည်သူက ဆိုသည်။

“ကျွန်တော်တို့ ယူဆတာကတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်တယ်လို့မြင်တယ်။ အရင်တုန်းကတော့ ခွင့်ပြု ခဲ့တယ်၊ အခုမှ ဘာလို့ ခွင့်မပြုဆိုတာကိုတော့ သူတို့(ကော်မရှင်) တစ်စုံတစ်ရာရဲ့ လွှမ်းမိုးသက်ရောက်မှု ရှိမယ်လို့ ထင်တယ်။ နောက်တစ်ခုက သူတို့ဘာလို့ အဲလိုသဘောထား ပြောင်းသွားလဲဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း အံ့သြနေရတဲ့ အခြေအနေမျိုးပေါ့ ”ဟု ၎င်းကပြောသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများအားလုံး ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ပါဝင်စောင့်ကြည့် လေ့လာခွင့်ပြုရန် ဆောင်ရွတ်သင့်ကြောင်း Pace အဖွဲ့က တိုက်တွန်းထားသည်။

စောင့်ကြည့်လေ့လာခွင့် ပိတ်ပင်ခံလိုက်ရသည့် Pace အဖွဲ့အနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စောင့်ကြည့်လေ့လာသူဦးရေ ၂၉၀၀ ခန့် အသုံးပြု၍ ပြင်ဆင်ထားပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ဗီဒီယိုများ