AA ကို အကြမ်းဖက်အဖွဲ့မှပယ်ဖျက်ရေး နှစ်ဘက်ဆွေးနွေးမှုရလဒ်ကို တပ်မတော်က အစိုးရထံ တင်ပြရန်လိုဟု NLD ပြော

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန်အတွက် တပ်မတော် အနေဖြင့် AA နှင့်ဆွေးနွေးမှုရလဒ်များကို အစိုးရထံတင်ပြရန်လိုအပ်ကြောင်း လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

By မင်းထွန်း 05 Jan 2021

ဓာတ်ပုံ - ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်းက ကျိုင်းတုံမြို့၌ NRPC ၊ တပ်မတော်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ရောက်ရှိလာသည့် AA ထိပ်ပိုင်းခေါင်းဆောင်အချို့အား တွေ့ရစဉ်


မင်းထွန်း | DMG
ဇန်နဝါရီ ၅ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန်အတွက် တပ်မတော် အနေဖြင့် AA နှင့်ဆွေးနွေးမှုရလဒ်များကို အစိုးရထံတင်ပြရန်လိုအပ်ကြောင်း လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

AA နှင့် တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ရရှိလာသည့် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများနှင့် သဘောတူညီချက်များကို တပ်မတော်မှ အစိုးထံတင်ပြရန်လိုအပ်သည်ဟု ၎င်းကဆိုသည်။

“AA နဲ့တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဘယ်လိုငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရလာတယ်။ ဘယ်လို သဘောတူညီမှုတွေရလာပါတယ်ဆိုတာကို အစိုးရကိုတင်ပြမယ်ဆိုရင် အစိုးရဟာ ဒီပေါ်မှာ မူတည် ပြီးတော့ လိုအပ်တဲ့အကြမ်းဖက်အဖွဲ့အစည်းအဖြစ်က ပယ်ဖျက်တာတို့ စတဲ့လုပ်ရပ်တွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အဲတော့ တကယ်တမ်း ထဲထဲဝင်ဝင်ဆွေးနွေးထားတဲ့ တပ်မတော်ကနေပြီးတော့ ဒီအချက်တွေကို တင်ပြဖို့လိုတယ်လို့မြင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ယင်းအပြင် ဒေသအတွင်းတွင် AA အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို စွန့်လွှတ်ပြီး ခြိမ်းခြောက်မှုများ လျော့ကျသွားမည်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်လာသည်နှင့်အမျှ မျှော်လင့်ထားခြင်းများ ဖြစ်လာနိုင်ကြောင်း သူကဆိုသည်။

AA မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်သုံးဦး လွတ်မြောက်ခြင်းမှာ တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်များကြောင့်ဖြစ်သည်ဟု ဇန်နဝါရီလ ၁ ရက်နေ့တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

NLD ပါတီဝင်များလွတ်မြောက်ရန် နှစ်ရက်အလို ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်(AA)၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ခေါင်းဆောင်တို့ မိနစ် ၃၀ ကျော်ကြာ အွန်လိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့်လည်း AA ကို အကြမ်းဖက်အသုံးအနှုန်းကိုမသုံးတော့ဘဲ ဆွေးနွေးခြင်းများ ရှိလာသည့်အတွက် AA အား အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခြင်းမှာ လက်တွေ့တွင် မကိုက်ညီခြင်းကို အစိုးရအနေဖြင့်သိရန်လိုအပ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကဆိုသည်။

“AA ဘက်ကလည်း အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေလုပ်လာတယ်။ တပ်မတော်သားတွေ လွှတ်ပေးတာ၊ NLD ပါတီဝင်တွေကို လွှတ်ပေးတာတွေကိုကြည့်ခြင်းအားဖြင့် AA ကို အကြမ်းဖက်အဖြစ် သတ်မှတ်ထား ရင်လည်း အကျိုးမရှိတော့ဘူး၊ ရှေ့ဆက်ပြီးဆွေးနွေးသွားဖို့ပဲရှိတယ်။ တပ်မတော်ကလည်း ဆွေးနွေးနေပြီ၊ အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ စကားလုံးကိုမသုံးတော့ဘူး။ ဒါကြောင့် အစိုးရအနေနဲ့ သူတို့သတ်မှတ် ချက်သည် လက်တွေ့မြေပြင်မှာ မကိုက်ညီတဲ့ အခြေအနေဖြစ်နေတာကို သိဖို့လိုတယ်”  ဟု သူကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် အစိုးရက ရက္ခိုင့်တပ်တော်(AA)အား မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေငြာခဲ့ခြင်းဖြစ်သည်။

ရခိုင်မှ ရွေးကောက်ပွဲမကျင်းပခဲ့ရသော မြို့နယ်များတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရေးကို အခြေခံကာ နိုဝင်ဘာလ ၂၅ ရက်နေ့က တပ်မတော်နှင့် AA တို့အကြား အွန်းလိုင်းမှဆွေးနွေးခြင်းများရှိခဲ့ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း UWSA "ဝ"ထိန်းချုပ်နယ်မြေ၏မြို့တော် ပန်ဆန်းတွင် နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဗီဒီယိုများ