Pace အဖွဲ့ကို ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ပေးမည်ဟု ကော်မရှင်မှ ဖုန်းဖြင့်အကြောင်းကြားထား

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု Pace အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပြန်လည်ပေးမည်ဟု တယ်လီဖုန်းဖြင့် သြဂုတ် ၁၄ ရက်နေ့ကအကြောင်းကြား လာကြောင်း Pace အဖွဲ့မှ သိရသည်။

By မင်းထွန်း 17 Aug 2020

မင်းထွန်း | DMG
သြဂုတ် ၁၇ ၊ စစ်တွေ

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု Pace အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပြန်လည်ပေးမည်ဟု တယ်လီဖုန်းဖြင့် သြဂုတ် ၁၄ ရက်နေ့ကအကြောင်းကြား လာကြောင်း Pace အဖွဲ့မှ သိရသည်။

လက်ရှိတွင် Pace အဖွဲ့အား ကော်မရှင်မှ တယ်လီဖုန်းဖြင့်သာ အကြောင်းကြားလာခြင်းဖြစ်ပြီး တရားဝင်ခွင့်ပြု စာနှင့် အကြောင်းကြားစာ မရရှိသေးကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု(Pace)အဖွဲ့၏ Program Manager ကိုဟန်စိုးထွန်းက ဆိုသည်။

“ကျွန်တော်တို့ကို လောလောဆယ်တော့ စောင့်ကြည့်လေ့လာခွင့်ပြန်ပေးမယ်ဆိုပြီး သူတို့(ကော်မရှင်)က ပြင်ဆင်နေတယ်။ ကျနော်တို့နဲ့လည်း ကြားထဲမှာတွေ့ဖို့ရှိတယ်။ အဲဒါပြီးတော့မှပဲ ကျနော်တို့ စောင့်ကြည့် လေ့လာခွင့်နဲ့ပတ်သက်လို့ တိတိကျကျသိလာမယ်။ ကျနော်တို့ စောင့်ကြည့်လေ့လာခွင့်ကို စာနဲ့မရသေးဘူး”ဟု ၎င်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Pace အဖွဲတို့ တွေ့ဆုံမည့်ရက်ကို အတိအကျမသိရှိရသေး သော်လည်း ယခုသီတင်းပတ်တွင်ဖြစ်နိုင်ကြောင်း ကိုဟန်စိုးထွန်းကဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို Pace အဖွဲ့အား စောင့်ကြည့် လေ့လာမှုများပြုလုပ်ရန် ခွင့်မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲ ဖြင့် အကြောင်းပြန်ခဲ့ကြောင်း Pace အဖွဲ့မှ သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Pace အဖွဲ့မှ ထုတ်ပြန်သည့်နေ့က ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း (၄၄၃)ဖွဲ့မှလည်း Pace အဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ကန့်သတ်ပိတ်ပင်မှုအပေါ် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကြသည်။

လက်ရှိတွင် Pace အဖွဲ့အား ကော်မရှင်မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ပေးမည့်အပေါ် ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ရာတွင် ပါဝင်ခဲ့သည့် ဒို့မြေကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုစည်သူကဆိုသည်။

“ဒီလိုမျိုး ပြောင်းလဲလာတာကိုတော့ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် ပြည်သူကပြောနေမှ၊ ပြည်သူကဖိအားပေးမှ လုပ်နေတာမျိုးက အဆင်မပြေဘူးပေါ့။ နဂိုကတည်းက ဒီလိုမျိုးတွေမဖြစ်ရအောင် စီစဉ်ရမှာလေ။ သူတို့က စာတွေသေချာထုတ်ပြီး လုံးဝကန့်သတ်ထားတဲ့ကိစ္စဆိုတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေနေပြီဆိုတော့ ဒီလောက်ပဲ ပြောချင်တယ်”ဟု ၎င်းကဆိုသည်။

အလားတူ Pace အဖွဲ့အနေဖြင့်လည်း ကော်မရှင်မှ စောင့်ကြည့်လေ့လာခွင့်ပေးမည်ဟု ပြောဆိုလာခြင်းအပေါ် ကြိုဆိုကြောင်းနှင့် ယခင်ပုံစံအတိုင်း လွတ်လပ်စွာစောင့်ကြည့်လေ့လာခွင့်ရနိုင်မည်ဟု မျှော်လင့်ကြောင်း Pace အဖွဲ့၏ တာဝန်ရှိသူများက ဆိုသည်။

Pace အဖွဲ့အနေဖြင့် ယခင်ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများအပါအဝင် ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲများတွင် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ရရှိခဲ့ကြသေးသည်။

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို Pace အဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စောင့်ကြည့် လေ့လာသူဦးရေ ၂၉၀၀ ခန့်အသုံးပြု၍စောင့်ကြည့်သွားရန် ပြင်ဆင်ထားပြီးဖြစ်သည်။

ဗီဒီယိုများ