PDF ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ပဲခူးမှ ကျောင်းဆရာမတစ်ဦး ဖမ်းဆီးခံရ၊ နေအိမ်ကိုပါချိတ်ပိတ်

PDF အဖွဲ့သို့ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ပဲခူးတိုင်း၊ ပဲခူးမြို့မှ ကျောင်းဆရာမတစ်ဦးကို စစ်တပ်နှင့်ရဲမှဖမ်းဆီးပြီး နေအိမ်ကိုပါ ချိတ်ပိတ်ခဲ့ကြောင်းသိရသည်။

23 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၃

PDF အဖွဲ့သို့ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ပဲခူးတိုင်း၊ ပဲခူးမြို့မှ ကျောင်းဆရာမတစ်ဦးကို စစ်တပ်နှင့်ရဲမှဖမ်းဆီးပြီး နေအိမ်ကိုပါ ချိတ်ပိတ်ခဲ့ကြောင်းသိရသည်။

ပဲခူးမြို့၊ ပဲခူး-သနပ်ပင်ကားလမ်းမ၊ ရွှေမောဓောဘုရားတောင်ဘက်မုဒ်၊ ဆံတော်တွင်းလမ်းမတန်းအနီးတွင်နေထိုင်သည့် အထက်တန်းပြဆရာမ ဒေါ်မာမာအေးကို ပြီးခဲ့သည့်(ဖေဖော်ဝါရီ ၂၀ ရက်) ည ၁၀ နာရီအချိန်တွင် စစ်တပ်နှင့်ရဲအင်အား ၃၀ ခန့်က နေအိမ်သို့လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း နီးစပ်သူတစ်ဦးက DMG သို့ပြောသည်။

"ရဲကော စစ်တပ်အင်အား ၃၀ လောက်နဲ့ လာဖမ်းသွားတာပါ။ ဖမ်းဆီးတဲ့အကြောင်းအရင်းကိုတော့ အစပိုင်းမှာမသိရသေးပါဘူး။ ဖမ်းဆီးပြီး သုံးရက်ကြာ မိသားစုတွေစုံစမ်းမှသိရပါတယ်"ဟု ၎င်းမှပြောသည်။

ဖမ်းဆီးခံရသည့် ဒေါ်မာမာအေးမှာ ပဲခူးမြို့မရဲစခန်းတွင်ထိန်းသိမ်းခံရပြီးနောက် PDF အဖွဲ့ကိုငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ပြီး ပဲခူးအကျဉ်းထောင်သို့ပို့ဆောင်ထားကြောင်း ဆရာမနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ထိုသို့ဖမ်းဆီးခံရပြီးသုံးရက်အကြာတွင် ဆရာမနေထိုင်သည့် နေအိမ်ကို စစ်တပ်နှင့်ရဲမှ လာရောက်ချိတ်ပိတ်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးမှဆိုသည်။

"မနေ့မနက်ပိုင်းမှာပဲလာပြီးတော့ ဗီနိုင်းကပ်ပြီးချိတ်ပိတ်သွားခဲ့တယ်။ စစ်တပ်နဲ့ရဲအင်အားနည်းနည်းနဲ့လာပြီး ချိတ်ပိတ်သွားတာတွေ့ခဲ့ရပါတယ်"ဟု ၎င်းမှဆိုသည်။

ပဲခူးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေအိမ်များချိတ်ပိတ်ခံရမှုမှာ လက်ရှိအချိန်အထိ နေအိမ် ၂၀ ကျော်ရှိနေပြီဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ဗီဒီယိုများ