သံတွဲမြို့တွင် မြောက်ဦးပုံတူဘုရားပုထိုး တည်ဆောက်မှု တစ်ဝက်ကျော်ပြီးစီး

သံတွဲမြို့နယ် မြပြင်ရပ်ကွက် မြရတနာတောင်ပေါ်တွင် အများသူငှာ ဖူးမြော်နိုင်ရန် ရည်ရွှယ်ချက်ဖြင့် တည်ဆောက်နေသည့် ရှေ့ဟောင်း မြောက်ဦးပုံတူပုထိုးများ ဆောက်လုပ်ခြင်းမှာ တစ်ဝက်ကျော်အထိ ပြီးစီးနေပြီဟု ဂေါပကအဖွဲ့ကပြောသည်။

08 May 2021


DMG ၊ မေ ၈

သံတွဲမြို့နယ် မြပြင်ရပ်ကွက် မြရတနာတောင်ပေါ်တွင် အများသူငှာ ဖူးမြော်နိုင်ရန် ရည်ရွှယ်ချက်ဖြင့် တည်ဆောက်နေသည့် ရှေ့ဟောင်း မြောက်ဦးပုံတူပုထိုးများ ဆောက်လုပ်ခြင်းမှာ တစ်ဝက်ကျော်အထိ ပြီးစီးနေပြီဟု ဂေါပကအဖွဲ့ကပြောသည်။

အဆိုပါ စေတီပုထိုးများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင်  စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ပုံတူစေတီပုထိုးငယ် ၁၁၇ ဆူမှာ ပြီးစီးလျှက်ရှိနေပြီဖြစ်သည်။

Covid-19 ကာလ နှင့် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် ဘုရားကြီးဖြစ်သော မြောက်ဦးလေးမျက်နှာဘုရားပုံတူပုထိုးကြီး တည်ဆောက်ရေးတစ်ခုသာ ကျန်ရှိပြီဟု စေတီတော်တည်ဆောက်ရေးဂေါပကအဖွဲ့ဝင် ဦးညီဖြူကပြောသည်။

ယခုကဲ့သို့ သံတွဲမြို့နယ်အတွင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာ ပုံတူဘုရားစေတီပုထိုးများကို တည်ဆောက်ရခြင်းမှာ သံတွဲမြို့နယ် ငပလီကမ်းခြေသို့ လာရောက်ကြသော ကမ္ဘာလှည့်ခရီးသည်များအပါအဝင် မြန်မာတိုင်းရင်းသားများအနေဖြင့် ငပလီအား အပန်းဖြေလာရောက်ရာမှ သမိုင်းဝင်ဖြစ်သော ရှေ့ဟောင်းမြောက်ဦးယဉ်ကျေးမှု ပုံစံတူဘုရားများအား ဖူးမြော်ကာ သိရှိခံစားနိုင်ရန် ရည်ရွှယ်ချက်ဖြင့်  ယခုကဲ့သို့ တည်ဆောက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

မြပြင်ဒေသခံ ကိုဇေယျာလင်းက “ အဓိကတော့ ခရီးသွားလုပ်ငန်းပေါ့။ ငပလီကိုလာတဲ့ ပြည်တွင်းပြည်ပက လာရောက်တဲ့ ဧည့်သည်တွေက မြောက်ဦးကို ရောက်ဖူးချင်မှ ရောက်ဖူးလိမ့်မယ်။ ဒီကဘုရားတွေကို ကြည့်ပြီးတော့ မြောက်ဦးမှာ ဒီလိုဘုရားတွေ ရှိပါလားဆိုပြီးတော့ သူတို့တွေ မြောက်ဦးသွားချင်စိတ်လည်ပေါက်မယ်။ ဖူးမြော်ကောင်းလည်းဖူးမြော်နိုင်တယ်ပေါ့။ ” ဟု ပြောသည်။

လက်ရှိတည်ဆောက်နေသည့် မြောက်ဦးလေးမျက်နှာဘုရားပုံတူ ပုထိုးတော်ကြီးမှာ အောက်ခြေ ပေ ၈၀ ပတ်လည်၊ ဉာဏ်တော် အမြင့် ပေ ၆၀၊ လုံးပတ်အချင်းပေ ၄၀ ရှိပြီး ခန့်မှန်းကုန်ကျမည့်ပမာဏ ငွေကျပ် သိန်း ၂၀၀၀ အထက်ဖြစ်ကာ အလှူရှင်များအနေဖြင့် ကုသိုလ်ဖြစ်လှူဒါန်းမည်ဆိုလျှင် လာရောက်လှူဒါန်းနိုင်သေးကြောင်း ဦးညီဖြူက နှိုးဆော်ထားသည်။

အဆိုပါ မြောက်ဦးပုံတူပုထိုးတည်ဆောက်ရေးအတွက်ကို ပျံလွန်တော်မူလေပြီးဖြစ်သော မြပြင်ဆရာတော်ဘုရားကြီးမှ ဦးဆောင်ကာ စတင်လုပ်ဆောင်ရန် အစီအစဉ်ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ