စစ်တပ်ကတပ်စွဲထားသည့် သမိုင်းဝင်ဘုရားပုထိုးများကို သင်္ကြန်ကာလအတွင်း ဖူးမျှော်ခွင့်ရရှိရန် ဒေသခံများလိုလား

စစ်တပ်ကတပ်စွဲထားသည့် တောင်များပေါ်တွင်တည်ရှိသော သမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီများကို သင်္ကြန်ကာလတွင် လွတ်လပ်စွာတက်ရောက်ပြီး ဥပုဒ်သီလဆောက်တည်ခွင့်ရရှိရန် ဒေသခံများကလိုလားနေကြသည်။

08 Apr 2022

DMG ၊ ဧပြီ ၈

စစ်တပ်ကတပ်စွဲထားသည့် တောင်များပေါ်တွင်တည်ရှိသော သမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီများကို သင်္ကြန်ကာလတွင် လွတ်လပ်စွာတက်ရောက်ပြီး ဥပုဒ်သီလဆောက်တည်ခွင့်ရရှိရန် ဒေသခံများကလိုလားနေကြသည်။

ထိုသို့တပ်စွဲထားမှုကြောင့် အဆိုပါဘုရားပုထိုးများကို လွတ်လပ်စွာတက်ရောက်ဖူးမျှော်ခွင့်မရရှိသည်မှာ ၃ နှစ်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန်ကာလတွင် လွတ်လပ်စွာ ဦးပုဒ်သီလဆောက်တည်ခွင့်၊ ဘုရားဖူးမျှော်ခွင့်ရရှိရန် ဒေသခံများက တောင်းဆိုကြသည်။

ဘူးသီးတောင်မြို့နယ်မှ သမိုင်းဝင် သုံးဆယ့်တစ်ဘုံစေတီပုရဝုဒ်အတွင်း မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်နေသည်မှာ နှစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

ယင်းသို့တပ်စွဲနေထိုင်နေခြင်းကြောင့် ဒေသခံများမှာ ဘုရားဖူးမျှော်၍မရရှိဘဲဖြစ်နေကြသဖြင့် ယခုနှစ်သင်္ကြန်ကာလတွင် ကောင်းမှုကုသိုလ်လုပ်ခွင့်ရရန် လိုလားသည်ဟု ရွှေကျင်ကျောင်းဆရာတော် ဦးနာယကကမိန့်ကြားသည်။

“သုံးဆယ့်တစ်ဘုံစေတီအောက်က စံဂိုးတောင်ရွာမှာလည်း စစ်သားတွေနေထိုင်ကြတယ်၊ ဖြတ်သွားခွင့်လည်းမပြုဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်ပိုင်း တစ်ကြိမ်တစ်ခါမှ ဘုရားကိုတက်ရောက်ဖူးခွင့်မရဘူး“ဟု ဆရာတော်ကမိန့်ကြားသည်။

သုံးဆယ့်တစ်ဘုံဘုရားတွင် စစ်သားများ တပ်စွဲနေထိုင်ခြင်းမပြုရန် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ပြည်နယ်လွှတ်တော်တွင်တင်ပြခြင်း၊ အစိုးရထံသို့ စာဖြင့်အကြိမ်ကြိမ်တင်ပြခဲ့တောင်းဆိုခဲ့သော်လည်း ပြည်သူ့၏တောင်းဆိုမှုကို တစုံတရာအလေးထားဆောင်ရွက်ခြင်းမရှိခဲ့ဟု ဆရာတော်က ဆက်၍မိန့်သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့်ပျက်စီးသွားခဲ့သည့် ဘုရား၊ ရုပ်ပွားတော်များ၊ သာသနိကအဆောက်အအုံများကို မွမ်းမံခွင့်ရရှိရန် ဒေသခံများ လိုလားနေကြသည်။

အလားတူ မြောက်ဦးမြို့နယ်ရှိ သမိုင်းဝင် သင်းကျစ်တော်တောင်ဘုရားကိုလည်း ၂၀၁၉ ခုနှစ် တိုက်ပွဲဖြစ်ပွားပြီးနောက် တစ်ကြိမ်တစ်ခါမှ တက်ရောက်ဖူးမျှော်ခွင့်မရသေးကြောင်း ဒေသခံများကပြောသည်။

မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာမှ ဒေသခံ ဦးသာထွန်းလှက “တောင်ပေါ်တက်ပြီးတော့ ဥပုဒ်သီလဆောက်တည်ချင်တယ်ဆိုတာက ပိုပြီးတော့အေးချမ်းတယ်၊ ငြိမ်းချမ်းတယ်ပေါ့။ အေးအေးချမ်းချမ်းနဲ့ တရားအားထုတ်လို့ရတယ်။ အဲဒါကြောင့် သွားချင်ကြတာပါ။ အရင်တုန်းကဆိုရင် သင်္ကြန်ကာလမှာ တောင်ပေါ်ကိုသွားပြီးတော့ ဥပုဒ်သီလဆောက်တည်ကြတယ်။ အခုလည်းအဲဒီလို ဘုရားကိုတက်ရောက်ခွင့်ရချင်ပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်အတွင်းက အထင်ကရဘုရား၊ ပုထိုးများဖြစ်သည့် ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတတောင်၊ မြောက်ဦးမြို့နယ်မှ သင်းကျစ်တော်စေတီ၊ လင်းမြွေတောင်ဘုရား၊ ရွှေတောင်စေတီတော်မြတ်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရား၊ ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံစေတီတို့တွင် မြန်မာစစ်တပ်က လက်ရှိအချိန်ထိ တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

မင်းပြားမြို့၊ သမိုင်းဝင်ကျိန်းတောင်ဘုရားသို့ သင်္ကြန်ကာလအတွင်း နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ တက်ရောက်ခွင့်ပြုပြီး ဆိုက်ကယ်နှင့်ကားဖြင့် တက်ရောက်ခွင့်ကိုမူ ကန့်သတ်ထားသည်ဟု မင်းပြားမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှအောင်သိန်းက ဆိုသည်။
ဘုရားသို့တက်ရောက်ဖူးမျှော်ရာတွင် စစ်ဆေးမေးမြန်းခြင်းမရှိပဲ လွတ်လပ်စွာဖူးမျှော်ခွင့်ရချင်သည်ဟုလည်း ၎င်းကဆိုသည်။

“ကျနော်တို့ဖြစ်စေချင်တာက ဥပုဒ်စောင့်တဲ့သူတွေကို ညအိပ်ခွင့်ပေးစေချင်တယ်။ တကယ်လို့ သူတို့လုံခြုံရေးအရဆိုရင် လူစာရင်းကိုကောက်လိုက်ပေါ့။ အဲဒီလိုဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ဥပုဒ်စောင့်တဲ့သူတွေမှာ တက်လိုက်၊ ဆင်းလိုက်ဆိုရင် သက်ကြီးပိုင်းတွေအတွက် အဆင်မပြေဖြစ်ကြမယ်”ဟု ဦးလှအောင်သိန်းကပြောသည်။

လက်ရှိရခိုင်ပြည်အနေအထားမှာ အတိုင်းအတာတစ်ခုထိ တည်ငြိမ်နေပြီဖြစ်သည့်အတွက် ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် သာသနိကအဆောက်အုံများတွင် တပ်စွဲနေရာယူထားမှုအား ပြန်လည်ရုပ်သိမ်းပေးသင့်သည်ဟု ၎င်းကဆက်ပြောသည်။

တန်ခိုးကြီး၊ ရှေးဟောင်းသမိုင်းဝင်ဘုရားများတွင် စစ်တပ်က ၂၀၁၉ခုနှစ်အတွင်းမှ စတင်ကာ တပ်စွဲနေထိုင် နေကြသည့်အတွက် လွတ်လပ်စွာဘုရားဖူးတက်ရောက်ခွင့်မရသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။

ရခိုင်ပြည်အတွင်း သမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီများတွင် မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်ခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ယင်းအပြင် ပြည်နယ်စစ်ကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလကနေ လက်ရှိအချိန်ထိဖြစ်သည်။

ဗီဒီယိုများ