စစ်တွေမြို့ခံ နှစ်ဦးကို မှောင်ရိပ်ခိုမှုနှင့် ထောင်ဒဏ် ချမှတ်လိုက်သည့်အပေါ် ဒေသခံများဝေဖန်မှုရှိနေ

ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ့ ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခံခဲ့ပြီးနောက် မှောင်ရိပ်ခိုမှု ဥပဒေပုဒ်မ ၆၁ (ဂ) ဖြင့် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် (၁) လ ချမှတ်လိုက်ကြောင်း သိရသည်။

01 Jul 2022

ညအချိန် စစ်တွေမြို့ဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

DMG ၊ ဇူလိုင် ၁

ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ့ ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခံခဲ့ပြီးနောက် မှောင်ရိပ်ခိုမှု ဥပဒေပုဒ်မ ၆၁ (ဂ) ဖြင့် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် (၁) လ ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ၁ လ ချမှတ်ခံရသူများမှာ အသက် ၅၃ နှစ်အရွယ် ဦးမောင်အေးနှင့် အသက် ၄၆ နှစ်အရွယ် ဦးလှသိန်းအောင်တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးမှာ ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစု ဝင်များက DMG သို့ ပြောသည်။

“ အဲဒီနေ့က သူက ရပ်ကွက်တွေမှာ စစ်ဆေးမှုများတယ်ဆိုပြီးတော့ သူငယ်ချင်းတစ်ယောက်အိမ်မှာသွား အိပ်တာ။ လမ်းမှာ အဖမ်းခံလိုက်ရတာ။ အခုတော့ စစ်တွေထောင်ချုပ်မှာပါ။ မနက်ကတော့ ကျွန်တော်တို့ သွားတွေ့တယ်။ သူတို့ကို မှောင်ရိပ်ခိုမှုနဲ့ဆိုပြီးတော့ ထောင်ဒဏ် ၁ လချလိုက်ပါတယ် ” ဟု ဦးမောင်အေး၏ သားဖြစ်သူ ကိုနေခြည်ဦး က DMG သို့ပြောသည်။

ဇွန်လ ၂၃ ရက်နေ့က စစ်တွေတွင် မြန်မာစစ်တပ်မှ အရာရှိ တဦးနှင်း တပ်ဖွဲ့ဝင်တဦးကို AA က ဖမ်းဆီးမှုကြောင့် မြန်မာစစ်တပ်က ဒေသခံများကို လိုက်လံဖမ်းဆီးခဲ့သည်။ ထို့အတူ ၎င်းတို့နှစ်ဦးမှာလည်း နောက်တစ်နေ့ ဇွန်၂၄ ရက် ညနေပိုင်းတွင် မိမိရပ်ကွက်အတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းလည်း ဖြစ်သည်။

ထိုသို့ ပြည်သူများကို မြန်မာစစ်တပ်က လိုက်လံဖမ်းဆီးခဲ့ပြီး မှောင်ရိပ်ခိုမှုနှင့် ထောင်ဒဏ်ချ မှတ်လိုက်သည့်အပေါ် မဖြစ်သင့်သည့် ကိစ္စရပ်ဖြစ်ကြောင်းလည်း မြို့ခံများက ဝေဖန်နေကြသည်။

ယင်းကြောင့် မှောင်ရိပ်ခိုမှုနှင့် ထောင်ဒဏ်ချမှတ်ခံလိုက်ခြင်းမှာ ပြည်သူများကို အကြောက်တရား လွမ်းမိုးမှုဖြစ်အောင် ဥပဒေကို အသုံးပြုပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးအောင်သန်းဝေ က DMG သို့ပြောသည်။

“ အမှန်က မှောင်ရိပ်ခိုမှုဆိုရင် အဲဒီလူရဲ့ပင်ကိုယ်နောက်ကြောင်းအချက်အလက်တွေကို ရဲက စုံစမ်းဖို့လိုတယ်။ ဒီလူဟာ မှောင်ရိပ်ခိုတတ်တဲ့လူလား။ အိုးအိမ်အတည်တကျ နေထိုင်တဲ့လူလာဆိုတာကို စုံစမ်းဖို့လိုတယ်။ အဲဒီလို မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အမုန်းတရားနဲ့ ရဲက အမှုဖွင့်တဲ့အပေါ်မှာ တရားသူကြီးကလည်း ဒီလို မှောင်ရိပ်ခိုမှုနဲ့ တရားစွဲတာကို ဆင်ခြင်မူတရားအရ ဒီလူတွေ ကိုယ်ရေး အချက်အလက်တွေကို စနစ်တကျ စုံစမ်းပြီးမှ အပြစ်ပေးဖို့လိုအပ်တယ်။ အဲဒီလိုမဟုတ်ဘဲ အခုလိုအပြစ်ပေးတာဟာ လွဲမှားသော ဆုံးဖြတ်ချက်တစ်ခု လို့ပဲ ကျွန်တော်မြင်တယ်”ဟု ၎င်းကဆိုသည်။

အလားတူ ညအချိန်တွင် မသင်္ကာ၍ မှောင်ရိပ်ခိုသည်ဟု ဆိုသူတို့ကိုလည်း ပြစ်မှုရှိမရှိ၊ ယခင်က သူ၏ ကိုယ်ရေး အချက်အလက်များ သေချာ စုံစမ်းပြီးမှ အပြစ်ပေးသင့်ကြောင်းလည်း ထောက်ပြမှုများရှိနေသည်။

အခုလို့ ပြည်သူ့များကို မသင်္ကာမှု၊ မှောင်ရိပ်ခိုသည်ဟုဆိုကာ ဖမ်းဆီးထောင်ချနေခြင်းမှာ ဒေသနေပြည်သူတို့၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်း တစ်ခုလည်းဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားနေသူတို့က ဝေဖန်သည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီးတော့ စစ်ဆေးမေးမြန်းတယ်။ ထောင်ချတယ်ဆိုတာကတော့ လူအခွင့်အရေးစာတမ်း အပိုဒ် ၉ နဲ့ငြိစွမ်းတယ်။ နောက်ပြီးတော့ ခရီးသွားလာမှုတွေကို ပိတ်ပင်တာတွေရှိတယ်။ အဲဒါတွေက အကုန်လုံး လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ် ” ဟု DMG ကိုပြောသည်။

မှောင်ရိပ်ခိုမှုဆိုသည်မှာ ညအချိန် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့သည့်အခါ အကြောင်းအရာများကို ပြေပြေလည်မရှင်းပြနိုင်သည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းမလိုဘဲ ဖမ်းဆီးပြီး အာမခံမရဘဲ အမှုဖွင့် တရားစွဲဆိုနိုင်သည့် အမှုဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံ မှ သိရသည်။

အဆိုပါ မှောင်ရိပ်ခိုမှု ၆၁ (ဂ) သည် ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက စီရင်ခဲ့လျှင် ထောင်ဒဏ် ၁ လမှ ၆ အထိနှင့် ဒဏ်ငွေ ၃ သောင်းကျပ်မှ ငွေ ၁ သိန်းထိပြစ်ဒဏ် ချမှတ်နိုင်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ