ကိုဗစ်ကာလအတွင်း သံတွဲမြို့ ပုလဲရတနာဘကကျောင်းမှ ကျောင်းသားများစားသောက်ရေးအတွက် ရပ်ကွက်မှဆွမ်းများ ကောက်ခံကျွေးမွေးနေရ

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာကျောင်းမှ ကျောင်းသားများစားသောက်ရေးအတွက် ရပ်ကွက်မှ ဆွမ်းများကောက်ခံကာ ကျွေးမွေးနေရကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

24 Aug 2021

DMG ၊ သြဂုတ် ၂၄

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာကျောင်းမှ ကျောင်းသားများစားသောက်ရေးအတွက် ရပ်ကွက်မှ ဆွမ်းများကောက်ခံကာ ကျွေးမွေးနေရကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

ယင်းကျောင်းတွင် ရခိုင်ပြည်နယ်အတွင်းက ဆင်းရဲချို့တဲ့သည့်ကျောင်းသားများ လာရောက်ပညာသင်ကြားနေခြင်းဖြစ်ပြီး လက်ရှိကိုဗစ်ရောဂါကြောင့် ကျောင်းကိုပိတ်ထားသော်လည်း ကျောင်းသား ၁၀၀ ကျော်မှာ မိမိနေအိမ်သို့မပြန်ဖြစ်ကြဘဲ ကျောင်းအတွင်းလော့ဒေါင်းချကာ နေထိုင်နေကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများ စားသောက်ရေးအတွက် ရပ်ကွက်မှ ဆွမ်းအလှူခံခြင်းနှင့် အလှူရှင်အချို့မှ လာရောက်လှူဒါန်းခြင်းများဖြင့် လောက်ငှအောင်ကျွေးမွေးထားရကြောင်း ပုလဲရတနာဆရာတော်က မိန့်ကြားသည်။

"ကျောင်းသားတွေက ပြန်သွားသူတွေရှိသလို ကျန်ရှိခဲ့တဲ့ကျောင်းသားတွေလဲရှိကြတယ်။ အလှူရှင်တစ်ချို့လဲ ရောက်တာတွေရှိတယ်၊ ရပ်ကွက်က ဆွမ်းချိုင့်ကောက်ခံပြီးကျွေမွေးထားတယ်။ အဆင်ပြေအောင်လို့ပေါ့။ အရင်တုန်းကလောက်တော့ အလှူရှင်တော့မရောက်ဘူးပေါ့"ဟု ဆရာတော်ကမိန့်သည်။

အဆိုပါကျောင်းတွင် နှစ်စဉ်ကျောင်းသားဦးရေတိုးလာနေကာ ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ငွေကြေးအခက်အခဲကြောင့် ကျောင်းတက်ရန်ခက်ခဲနေသည့် ကျောင်းသူ၊ကျောင်းသားများနှင့် စစ်ဘေးရှောင်နေရသည့် ကျောင်းသူ၊ ကျောင်းသားများလည်း တက်ရောက်လျက်ရှိကြသည်။

ယင်းသို့ကျောင်းသားဦးရေတိုးလာ၍ အစားအသောက်၊ နေရာထိုင်ခိုင်းနှင့် စာသင်ဆောင်များ စသည်ဖြင့် အခက်အခဲများရှိကြောင်းလည်း သိရသည်။

ပုလဲရတနာ(ဘက)ကျောင်းရှိ မူလတန်းနှင့် မူ(လွန်)ကျောင်းသားများအတွက် ဆရာမငှားရမ်းခအဖြစ် အစိုးရမှ တစ်လလျှင်ငွေကျပ် ၅ သိန်း ထောက်ပံ့ပေးထားသော်လည်း အထက်တန်းကျောင်းသားများအတွက် ထောက်ပံ့ပေးခြင်းမရှိသေးကြောင်း ပုလဲရတနာ(ဘက)ကျောင်း ဆရာတော်ကမိန့်ကြားသည်။

ယင်းကျောင်းအတွင်း ကလေးများ ပညာသင်ကြားပေးရေးအတွက် လုပ်အားပေးဆရာမနှင့် အငှားဆရာမစုစုပေါင်း ၄၀ ဦးရေရှိပြီး ကျောင်းဆရာ ဆရာမပေးအပ်သည့် လစာမှာ တစ်လလျှင် သိန်းရာကျော်အထိရှိကြောင်းလည်း သိရသည်။

ကိုဗစ်တတိယလှိုင်း မဖြစ်မီက ကျောင်းသားများစားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှကူညီပံ့ပိုးပေးနိုင်ရန် အလှူခံအဖွဲ့ဖွဲ့ကာ အလှူခံခြင်းများပြုလုပ်ခဲ့သော်လည်း ယခုအခါ ကိုဗစ်အခြေအနေကြောင့် ယင်းအဖွဲ့မှာလည်း အလှူခံခြင်းကိုဆက်လက်မလုပ်ဆောင်နိုင်ဘဲဖြစ်နေကြောင်း ယင်းအဖွဲ့တွင်ပါဝင်သည့် ဒေါ်မိမိခိုင်ကပြောသည်။

"အလှူခံအဖွဲ့ကလဲ ၂ ပတ်ဘဲ ခံလိုက်ရတယ်။ ကိုဗစ်က ထဖြစ်တယ်ဆိုတော့ အခုဈေးတွေကလဲပိတ်တော့ အလှူခံအဖွဲ့အနေနဲ့က ဆက်ပြီးအလှူမခံဖြစ်ဘဲ နီးစပ်ရာတွေကိုနှိုးဆော်ပြီး လှူခိုင်းနေတာမျိုးတွေရှိတယ်။ ကျောင်းမှာကတော့ အဖက်ဖက်က မပြည့်စုံမှုတွေရှိနေတယ်။ ဒါကို ပြည်နယ်အစိုးရအနေနဲ့လဲ ကူညီပေးစေချင်တယ်" ဟု ၎င်းကပြောသည်။

ကျောင်းသားများမှာလည်း ကျောင်းပိတ်ထားသည်မှာ ၂ နှစ်ရှိနေပြီဖြစ်သည့်အတွက် ပညာရေးအပိုင်းတွင် ဆုံးရှုံးမှုများဖြစ်နေရကြောင်း ပုလဲရတနာ(ဘက)ကျောင်းတွင်တက်ရောက်နေသည့် ကျောင်းသူ မလှလှသန်းကပြောသည်။

"အခု မိဘတွေကို ကူပေးနေတယ်တယ်ပေါ့။ ကျောင်းလဲ မတက်ရဘူးဆိုတော့ အလုပ်အကိုင်ကတော့လယ်လုပ်ကြတယ်။ ပညာကလဲ ၂ နှစ်တောင်မသင်ဘဲဖြစ်နေတော့ အသက်တွေက ကြီးလာတယ်။ ပညာရေးကဆုံးရှုံးနေရတယ်။ ဒီရောဂါ မြန်မြန်ပျောက်ပြီး ကျောင်းကိုမြန်မြန်ပြန်ဖွင့်ခွင့်ရချင်တယ်"ဟု ပြောသည်။

ပုလဲရတနာ(ဘက)ကျောင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထမြောက် ကျောင်းသားဦးရေအများဆုံး (ဘက)ကျောင်းဖြစ်ကာ အဆိုပါကျောင်းဖွင့်လှစ်ထားသည်မှာ ၁၂ နှစ်တာကာလအထိ ကြာမြင့်နေပြီဖြစ်သည်။

ဗီဒီယိုများ