တပ်မတော်ထံ ဖမ်းဆီးခံရသူများ ပျောက်ဆုံးနေမှု ရဲစခန်းသို့တိုင်ကြားသော်လည်း ထူးခြားမှုမရှိကြောင်း မိသားစုဝင်များပြော

တပ်မတော်မှ သံသယဖြင့်ဖမ်းဆီးပြီးနောက် သတင်းအစနတစ်စုံတစ်ရာမရရှိဘဲ ပျောက်ဆုံးနေသူများနှင့် ပတ်သက်ပြီး ရဲစခန်းတွင် သွားရောက်တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာထူးခြားမှု မရှိသေးကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောဆိုသည်။

By နှင်းနွယ် 09 Dec 2020

နှင်းနွယ် | DMG
ဒီဇင်ဘာ ၉ ၊ စစ်တွေ

တပ်မတော်မှ သံသယဖြင့်ဖမ်းဆီးပြီးနောက် သတင်းအစနတစ်စုံတစ်ရာမရရှိဘဲ ပျောက်ဆုံးနေသူများနှင့် ပတ်သက်ပြီး ရဲစခန်းတွင် သွားရောက်တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာထူးခြားမှု မရှိသေးကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောဆိုသည်။

သံသယဖြင့် ဖမ်းဆီးခံရသော အရပ်သားများ ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် တိုင်ကြားနိုင်ကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၇ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

“ပျောက်ဆုံးနေတဲ့သူတွေ ရှိလား။ မရှိဘူးလားဆိုတာကို ကျနော့်အနေနဲ့ အငြင်းမပွားလိုပါဘူး။ ရှိကောင်းလည်း ရှိနိုင်တယ်။ အခုလို အပစ်အခတ်ရပ်စဲနေတဲ့ကာလအတွင်းမှာ ဒါတွေနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာတွေကို အကြောင်းကြားတာတို့၊ တရားဥပဒေနည်းလမ်းအတိုင်း သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်တာတို့ လုပ်နိုင်တယ် ဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

တပ်မတော်အနေဖြင့် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းမှုများ ရှိနိုင်သော်လည်း တရားစီရင်ရေးအပိုင်းတွင် တရားစီရင်ရေးကဏ္ဍအတိုင်းသာ ဆောင်ရွက်လျှက်ရှိကြောင်းလည်း ၎င်းကပြောသည်။

ယခုနှစ် မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊တင်းမကျေးရွာသား ၁၈ ဦးတို့မှာ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနပျောက်ဆုံးနေသည်မှာ (၉)လနီးပါးကြာမြင့်နေပြီဖြစ်ကာ ရဲစခန်းသို့ အကြိမ်ကြိမ်သွားရောက်တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ဖမ်းဆီးခံရသည့်တင်းမကျေးရွာသား ၁၈ ဦးထဲမှ ကိုမောင်ကြည်လင်း၏အစ်မဖြစ်သူ မမြဝင်းကြည်က “ကျောက်တော်မြို့မရဲစခန်းမှာလည်း တိုင်ထားတယ်။ မြောက်ဦးရဲစခန်းမှာလည်း တိုင်ထားတယ်။ အုပ်ချုပ်ရေးမှူးကိုယ်တိုင် သွားတိုင်ပေးထားတာ။ ဒါပေမယ့် ခုထိဘာမှမထူးဘူး။ တိုင်ထားပြီးကတည်းက ကျမတို့ဆီကိုတစ်ခုခု အကြောင်းကြားလာမလားဆိုပြီး စောင့်နေခဲ့တာ။ ဘာမှလည်း မေးမြန်းတာမရှိဘူး။ ကျမတို့သွားမေးတော့လည်း အကြောင်းထူးရင်ပြောမယ်လို့ ပြောတယ်” ဟု DMG သို့ပြောသည်။

တပ်မတော်အနေဖြင့် ၎င်းတို့(၁၈)ဦးအားဖမ်းထားပါက အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်များက တောင်းဆိုကြသည်။

အလားတူ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ကိုသန်းရွှေ(၃၆)နှစ်နှင့် ၎င်း၏ညီဖြစ်သူ ကိုမောင်ဝင်းရွှေတို့နှစ်ဦး မှာလည်း မတ်လ ၁ ရက်နေ့က မင်းပြားမြို့သို့ဈေးဝယ်ရန်သွားစဉ် ရာမောင်တံတားအနီး၌ယာယီတပ်စွဲနေသည့် တပ်မတော်သားများ၏ ဖမ်းဆီးမှုကိုခံခဲ့ရကြောင်း မိသားစုဝင်များ၏ပြောဆိုချက်အရ သိရသည်။

ထိုသို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မင်းပြားမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ သဖြင့် ဇွန်လ(၁)ရက်နေ့တွင် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ထံသို့ ဖခင်ဖြစ်သူ လာရောက် တိုင်ကြားခဲ့သည်။

“ကျမတို့ကတော့ သူတို့သေသွားပြီလား။ သက်ရှိထင်ရှား ရှိနေသေးလားဆိုတာပဲ သိချင်တယ်။ အဖမ်းခံရတာလည်း (၉)လတောင်ရှိနေပြီ။ တကယ်လို့သူတို့သေသွားပြီဆိုရင် သေသွားပြီလို့ ထုတ်ပြန်ပေးတာလိုချင်တယ်။ အခုတော့ ပြန်လာနိုးနိုးနဲ့ မိသားစုတွေလည်း အရမ်းစိတ်ထိခိုက်နေရတယ်။ ဒါကြောင့် သူတို့ရှိသေးလား။ မရှိတော့ဘူးလား ဆိုတာကိုသိရအောင် ကျမတို့နောက်တစ်ကြိမ် ရဲစခန်းမှာသွားပြီးအမှုဖွင့်မယ်” ဟု ဖမ်းဆီးခံရသူ ကိုမောင်ဝင်းရွှေ၏ ဇနီး မခင်စိုးဝင်းကပြောသည်။

ထို့ပြင် မြေပုံမြို့နယ်၊ ယောချောင်းရွာသာယာမှ ကိုမောင်ဝင်းဌေး (၂၉)နှစ်နှင့် ကိုမောင်ဌေးဝင်း(၂၈)တို့ ညီအစ်ကိုနှစ်ဦးမှာလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ကျွဲရှာရန်သွားစဉ် တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းတို့နှစ်ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက ယောချောင်းရဲစခန်း၌ တိုင်ကြားခဲ့သည်မှာ တစ်နှစ်ကျော်သာ ကြာမြင့်သွားသော်လည်း ထူးခြားမှုမရှိလာသေးကြောင်း မိခင်ဖြစ်သူ ဒေါ်မစောတင်က ဆိုသည်။

“ရဲစခန်းကိုတိုင်ထားတာလည်း အရမ်းကြာနေပြီ။ ဘာမှအကြောင်းမပြန်လာဘူး။ စစ်တွေအကျဉ်းထောင်က လွတ်လာတဲ့လူက ခင်ဗျားသားတွေကို ထောင်ထဲမှာတွေ့ခဲ့တယ်ပြောလို့ လိုက်သွားရင်လည်း မရှိဘူးလို့ ပြောတယ်။ သူတို့မှာ အပြစ်ရှိလို့ထောင်ချမယ်ဆိုလည်း ချလို့ရတယ်။ ဒါပေမယ့် မိသားစုတွေနဲ့တော့ တွေ့ခွင့် ပေးစေချင်တယ်။ အခုတော့ ရှိမှန်း၊မရှိမှန်းလည်းမသိရဘူး’’ ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ရဲစခန်းသို့တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိခြင်းမှာ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့တာဝန်လုပ်ဆောင်မှု အားနည်းခြင်းကြောင့်ဟု သဇင်ဥပဒေအထောက်အကူပြု အဖွဲ့ ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်းက သုံးသပ်ပြောဆိုသည်။

“နိုင်ငံသားတစ်ယောက်ကို အဖွဲ့အစည်းတစ်ခုခုက ဖမ်းသွားတယ်ဆိုရင် လူပျောက်အနေနဲ့ ရဲစခန်းမှာ တိုင်လို့ရတယ်။ ဒါကိုရဲစခန်းက အကြောင်းပြချက်အမျိုးမျိုးပေးပြီး မလုပ်ပေးဘူးဆိုရင် ရဲတွေက သူတို့ လုပ်ရမယ့်အလုပ်ကို မလုပ်တာလို့ပဲမြင်တယ်။ ရဲတွေအနေနဲ့ လူပျောက်တိုင်လာလို့ရှိရင် လူပျောက်တဲ့အမှုကို အရင်ဖွင့်ပြီး စုံစမ်းစစ်ဆေးရမယ်။ သူတို့ကိုင်တွယ်လို့မရတဲ့ ကိစ္စတွေဆိုရင်တော့ တမျိုးပေါ့။ ကိုင်တွယ် လုပ်ဆောင်လို့ရတဲ့ ကိစ္စတွေဆိုရင်တော့ သူတို့အနေနဲ့ တစ်ခုခုတော့လုပ်ဆောင်ပေးသင့်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း တပ်မတော်က သံသယရှိသူများကို ဖမ်းဆီးပြီးရဲစခန်းသို့ အပ်နှံအမှုဖွင့်ခဲ့သူများလည်းရှိသလို သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေသူများလည်း အများအပြားရှိနေသည်။

တပ်မတော်က ဖမ်းဆီးသွားပြီးနောက် ရဲစခန်းသို့မရောက်ရှိဘဲ သတင်းအစအနပျောက်ဆုံးနေသူများမှာ ၃၀ ဦး ထက်မနည်းရှိကြောင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များမှတစ်ဆင့် သိရသည်။

ဗီဒီယိုများ