ဖမ်းဆီးခံအရပ်သားများ ပြန်လည်လွတ်မြောက်ရေး ရဲစခန်းများတွင် တိုင်ချက်ဖွင့်နိုင်ဟုဆို

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သံသယဖြင့် ဖမ်းဆီးခြင်းခံထားရသော အရပ်သားများ ပြန်လည် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာရဲစခန်းများတွင် မိသားစုဝင်များက တိုက်ချက်ဖွင့်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

27 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၂၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သံသယဖြင့် ဖမ်းဆီးခြင်းခံထားရသော အရပ်သားများ ပြန်လည် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာရဲစခန်းများတွင် မိသားစုဝင်များက တိုက်ချက်ဖွင့်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယနေ့ နိုဝင်လာ ၂၇ ရက်နေ့တွင် နေပြည်တော် စစ်သမိုင်းပြတိုက်၌ပြုလုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ဒေသခံများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။

“ဒီအချိန်မှာတော့ ဒါတွေကိုလုပ်ဆောင်နိုင်ဖို့အတွက် ပိုပြီးလွယ်ကူလာပါလိမ့်မယ်။ အဲလိုမျိုးလုပ်တာ၊ ဒါနှစ်ဦး နှစ်ဖက်အတွက်လည်း ပိုအဆင်ပြေပါတယ်။ အကြောင်းကြားတယ်ဆိုတာက လုပ်ထုံးလုပ်နည်းနှစ်မျိုးရှိတယ်။ ကျွန်တော်သိတာကတော့ တိုက်ရိုက်အကြောင်းကြားတာက တရားဥပဒေလမ်းကြောင်းကို ပြောခြင်းဖြစ်တယ်။ တိုင်ချက်ဖွင့်တယ်ဆိုတာက ရဲစခန်းကိုအကြောင်းကြားတာဖြစ်တယ်။ ရဲစခန်းကလည်း ကျွန်တော်တို့ကို တပ်ကို သံသယရှိရင် တပ်ကိုအကြောင်းကြားမှာ။ ဒါမှမဟုတ်လည်း ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းကြားမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းအပြင် ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး စစ်ဆေး၊မေးမြန်းရန်အတွက် ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်ပြီး တရားစီရင်ရေးအတွက် ဥပဒေအတိုင်းသာ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

“ဖမ်းဆီးထားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ခဏခဏပြောသလိုပဲ ကျွန်တော်တို့က စစ်ဆေးတာ၊ မေးမြန်းတာတွေရှိမယ်၊ ထိန်းသိမ်းတာတွေရှိမယ်။ သို့သော်ကျွန်တော်တို့က တရားစီရင်ရေးကဏ္ဍအတိုင်းပဲ သွားတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဖမ်းခံရတဲ့ သက်သေအထောက်အထားတွေရှိတယ်ဆိုရင်လည်း အဲဒီသက်သေအထောက်အထားတွေနဲ့ ကျွန်တော်တို့က သက်ဆိုင်ရာတွေကိုပြောပေါ့။ ဒီဖက်ကလည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင်မဟုတ်ဘူးဆိုတာကို တရားဝင်ပြောနိုင်မယ် ” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ(၁၆)ရက်နေ့က တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်၌ တပ်စွဲနေထိုင်နေသည့် တပ်မတော် တပ်မ(၅၅)သည် ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ ရွာသား (၄၀)ကျော်အား ဖမ်းဆီးစစ်ဆေး မှုများပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ယင်းနောက် သက်ကြီးပိုင်းများအား ပြန်လွှတ်ပေးခဲ့ပြီး (၈)တန်းကျောင်းသားတစ်ဦး အပါအဝင် ကျေးရွာသား (၁၈)ဦးတို့အား ကြိုးတုပ်ကာ တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်မှာ ၉ လခန့် ကြာမြင့်နေပြီး ဖြစ်သော်လည်း သတင်းအစအနမရသေးကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်က ရဲစခန်းများတွင် တိုင်ချက်ဖွင့်နိုင်ကြောင်း ပြောဆိုသော်လည်း ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များကမူ သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူ တင်းမကျေးရွာဒေသခံ မောင်ထွန်းထွန်းဝေ၏ဖခင် ဦးသာထွန်းက “ရဲစခန်းကိုသွားတိုင်တယ် ဆိုလည်း ဘာမှအကြောင်းပြန်မလာဘူး။ စစ်တွေက အချုပ်ခန်းမှာရောက်နေတယ်လို့ ပြောသံကြားရင် စစ်တွေ ဘက်ကိုလိုက်စုံစမ်းတယ်။ မြောက်ဦးမှာရောက်နေတယ်လို့ ပြောသံကြားရင် မြောက်ဦးဘက်ကို လိုက်စုံစမ်းတယ်။ ဒါပေမယ့် ဘာမှသတင်းအဆက်အသွယ်မရဘူး” ဟု ပြောသည်။

တပ်မတော်မှ ဖမ်းဆီးခံရသူများကို ပြန်လည်စိစစ်ရန်အတွက် ရဲစခန်းမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ပြောဆို ထားခြင်းကြောင့် မိသားစုဝင်များအနေဖြင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာရန် မျှော်လင့်လျက် ရှိကြောင်း ကျောက်တော်မြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“မိသားစုဝင်တွေကတော့ ဘယ်အချိန် ပြန်လွတ်လာမလဲဆိုတာ အခုထိမျှော်လင့်နေကြဆဲပါ” ဟု ၎င်းက ဆိုသည်။

တင်းမကျေးရွာသားများ ဖမ်းဆီးခံရခြင်းအား မိသားစုဝင်များ၏ ထွက်ဆိုချက်များနှင့်အတူ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ ယခုနှစ် မတ်လ အတွင်းက တင်ပြခဲ့သော်လည်း ယနေ့အထိ တစ်စုံတစ်ရာတုန့်ပြန်မှုမရှိသေးကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ဗီဒီယိုများ